ဟိုပုံးသူကို အစိုးရတပ် အဓမ္မ ပြုကျင့် သတ်ဖြတ် သည်ဟု သျှမ်း လူ့အခွင့် အရေး မဏ္ဌိုင် အစီရင်ခံစာ ထုတ်ပြန်



သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် အတွင်းနေထိုင်သည့် ရွာသူ အိမ်ထောင်သည် အမျိုးသမီး တဦးအား အစိုးရတပ်မတော် အခြေချ လှုပ်ရှားသည့် စစ်ကြောင်းတခုက အဓမ္မပြုကျင့် သတ်ဖြတ်လိုက်သည်ဟု သျှမ်းလူ့အခွင့်အရေးမဏ္ဌိုင်က ထုတ်ပြန်သည်။

သတ်ဖြတ်ခံရသူ နန်းခက် (Photo:SHRF
ဂျူလိုင်လ ၂၀ ရက်နေ့ပါသျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF ၏ ထုတ်ပြန်ကြေငြာ ချက်တွင်  ဂျွန် ၆ ရက် ၂၀၁၅ သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မြောက်ဘက်ခြမ်း ဝမ့်နားတောင်း ရွာသူ နန်းခက် (အသက် ၂၇ နှစ်) သည် ဘုန်းကြီးရှိ သားရှင်သာမဏေ အတွက် နေ့လည်ဆွမ်းသွားကပ်ပြီးအပြန် တပ်စခန်းရှေ့ ဖြတ်သန်းစဉ် မြန်မာအစိုးရတပ်မတော် ခလရ ၂၄၉ မှ တပ်ဖွဲ့ဝင်တဦးက တပ်အလွန် လမ်းတဝက်၌ အဓမ္မပြုကျင့် သတ်ဖြတ် ကာ ငွေ နှင့် နားကပ် များအား ယူသွားသည်ဟု ပါရှိသည်။

“ ၆ ရက်နေ့ မွန်းလွဲပိုင်းက ပြုကျင့်သတ်ဖြတ်ခံရတယ်။ အဲဒီညနေ မှာဘဲ ရွာသားတွေ သွားတိုင်တယ်။ ၉ ရက်နေ့မှ ခလရ ၂၄၉ မှတပ်ရင်းမှူးက လာပြီးဖြေရှင်းပေးတယ်။ လူသတ်မှု ကျူးလွန်တယ်ဆိုတဲ့ စစ်သား တယောက်ကို ရွာသားရှေ့မှာ ထုတ်ပြီးရိုက်ပြ တယ်။ ဒဏ်ပေးတယ်။ သေဒဏ်ပေး မယ်လို့လဲပြောတယ်။ ဒါပေမယ့် ခုထိငြိမ်နေတုန်း ဘဲ။ ကျူးလွန်သူက တယောက်တည်း ဖြစ်ဟန်မတူဘူး ဆိုတော့ရွာသားတွေက တအားလန့် နေတယ်လေ” ဟု SHRF ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန်က သျှမ်းသံတော်ဆင့်အား ပြောပြသည်။

တောင်ကြီးမြို့နယ် မိုင်းပြင်းအခြေစိုက်ခလရ ၂၄၉ မှတပ်ရင်းမှူး ဗိုလ်မှူးဝေယံငြိမ်းသူရိန် က  သေဆုံးသူ နန်းခက်၏ ရွှေငွေများကိုကျန်ရစ်သူ မိသား စုထံ ပြန်လည်ပေးအပ်ပြီး မိမိတို့ဘက်မှ မှားယွင်းခဲ့ ကြောင်းကို ဝန်ခံခဲ့သည်။  ပြစ်မှု ကျူးလွန်သူကိုလည်း သေဒဏ်ပေး  မည်ဖြစ် ကြောင်း ပြောခဲ့ သည်ဟုဆို၏။

“သူ့သားကို ဆွမ်းသွားကပ်ပြီး ပြန်လာတဲ့ အချိန် အဓမ္မပြုကျင့် သတ်ဖြတ်ခံရတယ်။ သူ့မှာ ပါတဲ့ငွေတွေအကုန်ယူသွားတယ်။ နားရွက်ကိုလဲ ဖြတ်ပြီး နားကပ်ပါယူသွားတယ်။ နားတဘက်တော့ကျန်သေးတယ်။ တုတ်က တပ်ထဲက ချိုးလာတဲ့ပုံဘဲ။ နန်းခက်ကို ရိုက်ပြီးသွေးစွန်းနေတဲ့ တုတ်တပိုင်းနဲ့ တပ်ထဲမှာ ကျန်တဲ့ တပိုင်းနဲ့ က တဆက်ထဲပဲ။ တပ်ရင်းမှူးက သဘောကောင်းလို့ပေါ့။ နို့မို့ဆို အမှုမှန် ဘယ်ပေါ်မှာလဲ” ဟု ဟိုပုံးရောက် ရွာခံ တဦး ကပြောသည်။

ဂျွန်လ ၁၁ ရက်နေ့ရောက်သော် ရပခ တိုင်းမှူး ဗိုလ်ချုပ်အေးဝင်း ကိုယ်တိုင်လည်း သတ်ဖြတ်ခံရသူ နန်းခက်၏ ကျန်ရစ်သူမိသားစုအား သွားရောက်အားပေးခဲ့ပြီး ဆွမ်းသွပ်တရားနာ ကုန်ကျငွေအတွက် အပါအဝင် ကူညီထောက်ပံ့ငွေ ကျပ် ၅၃ သိန်း ပေးကမ်းခဲ့ကြောင်း တရားခံ၏မိသားစုဝင်ကပြောသည်ဟု SHRF ကပြောပါသည်။

သေဆုံးသူ နန်းခက်၏ (အဝတ်အစားမဲ့) အလောင်းအား ခလရ ၂၄၉ တပ်စခန်း အခြေစိုက် ရာ ကုန်းတင်း ဖာလိုင်းရွာ နှင့် မီတာ ၆၀ အကွာတွင်တွေ့ရကြောင်း၊ အဆိုပါတပ်စခန်း သည် ကုန်းတင်းရွာ ဘုန်းတော်ကြီးကျောင်းနှင့် ကပ်လျက်တွင်ရှိကြောင်း၊ အဆိုပါတပ်စခန်း သို့ ခလရ ၂၄၉ က တပ်စိပ် တစိပ်စီဖြင့်  ၃ လ တကြိမ် တပ်အလဲအလှယ်ပြုလုပ်ကြောင်း ဒေသခံများပြောပြချက်အရ သိရပါသည်။

၂၀၁၅ ဂျူလိုင်လ ၆ ရက် ကလည်း လဲချားမြို့နယ်ဘက် သွားရောက် အခြေချ လှုပ်ရှားသည့် တပ်မ ၅၅ လက်အောက်ခံ အမှတ် ၅၁၂ ခြေမြန်တပ် ရင်း မှ ဒုတပ်ရင်းမှူး အဆင့်ရှိ စိန်မင်း ဆိုသူသည် လဲချားမြို့နယ် ၀မ့်ဖိုင်အုပ်စု ဟိုနောင်ရွာသူ နန်းလိန်အား မိဘများရှေ့တွင် သေနတ်ထောက်၍ လက်ဆွဲရမ်းခဲ့သည့် အမှုလဲ ဖြစ်ခဲ့ပါသေး သည်။ အဆိုပါ အမှုလည်းပြစ် မှုကျူးလွန်သူအား လူထုကျေနပ်သည့်အထိ ပြစ်ဒဏ်ပေးခြင်း မကြားသိရသေး ပေ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates