တတိုင်းပြည်လုံး အပစ်ရပ်ဖို့ ဆွေးနွေး နေချိန် SSPP/SSA တပ် စခန်းအား အစိုးရတပ် တိုက်ခိုက်



ရန်ကုန်မြို့တွင် အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ တတိုင်းပြည်လုံးအပစ်ရပ်ဖို့ ဆွေးနွေးနေချိန် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် အတွင်း ရှိ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းအား အစိုးရ တပ်မတော်ဘက် သွားရောက်တိုက်ခိုက်ရာမှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွားနေသည်။



သျှမ်းပြည် တောင်ပိုင်း  မိုင်းရှူးမြို့နယ် မြောက်ဘက် ရ မိုင်အကွာ မိုင်းအောတ်ဒေသ လွယ်နိုင်းအုပ်စု နားကောန် ရွာအနောက်မြောက်ဘက်ရှိ လွယ်ရဆေးတောင် ရှိ သျှမ်းပြည်တပ်မတော် တပ်စခန်းအား အစိုးရတပ် ခမယ ၅၆၉ လက်အောက်ခံ စစ်ကြောင်းက ဂျူလိုင်လ ၂၁ ရက် နေ့ မွန်းတည့်ချိန်မှ ညမိုးချုပ်အထိတကြိမ်၊ ဂျူလိုင် ၂၂ ရက်နေ့ နံနက် ၆ နာရီမှ မွန်းတည့်ချိန်အထိတကြိမ် တိုက်ပွဲ များဖြစ်ပွားခဲ့သည်။ လက်ရှိတွင်လည်း အစိုးရ တပ်မတော်ဘက် အင်အား တိုးဖြည့် နေသကဲ့သို့ သျှမ်းပြည် တပ်မတော် ဘက်ကလည်း အင်အားဖြည့်နေသည်ဟု သိရသည်။

ဆွေးနွေးပွဲတွေနဲ့ တိုက်ဆိုင်နိုင်လွန်းပါတယ်။ ကျနော်တို့ဘက်က ကိုယ့်နေရာမှာဘဲနေပါတယ်။  ပြီးတော့ ကျနော်တို့ဘက်က စတိုက်တာ မဟုတ်ဘူး။   တိုက်ပွဲရပ်စဲပေးဖို့ စာပေးလိုက်တယ်။ တပြည်လုံး အပစ် ရပ်စဲရေး ဆွေးနွေးရေး ကနေ   တိုက်ပွဲကိုဝိုင်းဝန်းတားပေးဖို့ပေါ့လေ။ ဆွေးနွေးတုန်း ဖြစ်နေတယ် ဆိုတာက ရုပ်ပျက်တယ်လေ။ အခုထိဖြစ်နေတယ် - ဟု SSPP အထွေထွေအတွင်းရေးမှူး စဝ်ခွန်ဆိုင်က ပြောသည်။

အစိုးရတပ်မတော် ခမရ ၅၆၉ စစ်ကြောင်းအား ဗိုလ်မှူးမိုးဝင်းနိုင် က ဦးဆောင်ကြောင်း ဒေသအတွင်း၊ တိုက်ပွဲကြောင့် ထိခိုက်မှုရှိခဲ့ကြသော်လည်း ကျဆုံးမှုအရေအတွက် မသိရသေးကြောင်းဆိုပါသည်။

ဗမာ တပ်တွေ တက်လာတာ လွန်ခဲ့တဲ့ ၄-၅ ရက်ကတည်းက။ တိုက်ပွဲက ဖြစ်တော့မယ်ဆိုပြီး ရွာသားတွေက လန့်နေတာ။ ဒါပေမယ့် ဒီဘက်မှာ မဖြစ်ဘဲ မိုင်းအောတ်ဘက်မှာ သွားဖြစ်တယ် - ဟု ၀မ်းဟိုင်းဌာနချုပ် တောင်ဘက် နှစ်မိုင်ခန့်သာ ဝေးသည့် ၀မ့်ဆော့ရွာသား တဦးကပြောသည်။

မိုင်းနောင်မြို့နယ်ဘက်တွင်လည်း အစိုးရဘက်မှ စစ်ရေးပြင်ဆင်မှုများပြုလုပ်နေပြီး  လက်နက်ကြီးဖြင့် အစမ်းပစ်ခတ်  လေ့ကျင့်မှု ပြုလုပ်မည်ဟု ဒေသခံများထံ အသိပေးထားကြောင်း အမည်မဖော်လို သည့် ဒေသခံတဦးက ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးနေစဉ် ဖြစ်ပေါ်သော အဆိုပါ စစ်ပွဲများ ရပ်စဲပေးရန် တောင်းဆိုသည့်စာအား ရန်ကုန်သို့ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်ရန် ရောက်ရှိနေသည့် စဝ်ခွန်ဆိုင်မှ ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်း ၊ ဦးသိန်းဇော် ၊  ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌများလက်သို့   ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်သည် အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးသည့် တပ်ဖွဲ့ ဖြစ်သကဲ့သို့၊  တပြည်လုံးအပစ်ရပ် လက်မှတ်ရေး ထိုးနိုင်ရေးအတွက် အစိုးရနှင့် ဆွေးနွေးနေသည့် တိုင်းရင်းသားတော်လှန်ရးတပ်ဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးညှိ နှိုင်းရေးအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့တွင်လည်း သျှမ်းပြည်တပ်မတော် SSPP/SSA က ပါဝင်သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates