သျှမ်းအရှေ့ပါတီ ESSDDP ကျိုင်းတုံခရိုင်အတွင်း ၄ နေရာပြိုင်မည်
သျှမ်းပြည် အရှေ့ပိုင်း ဖွံ့ဖြိုး တိုးတက်ရေး ဒီမို ကရက်တစ် ပါတီ Eastern Shan State Development Democratic Party သည် ပါတီဝင် အင်အား ၅၀၀ ပြည့်ပြီး ရွေးကောက်ပွဲဝင်ရန် ကိုယ်စားလှယ် လောင်း ၄ နေရာ အတွက် အသင့်ပြင်ဆင် ထား သည်ဟုသိရသည်။
ကျိုင်းတုံမြို့ အခြေစိုက် ဂုံသျှမ်းပါတီသို့မဟုတ် ကောင်ဇိုင်းပါတီဟု လူသိများလာသည့် သျှမ်းပြည် အရှေ့ပိုင်းဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ Eastern Shan State Development Democratic Party သည် လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ ကျိုင်းတုံခရိုင်အတွင်း ၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ပြင်ဆင်ထားကြောင်း၊ ပြည်နယ်လွှတ်တော် ၂ နေရာ၊ အမျိုးသားလွှတ်တော် တနေရာ၊ ပြည်သူ့လွှတ်တော် ၁ နေရာ ယှဉ်ပြိုင်မည်ဟု ပါတီ ဥက္ကဌ ဆရာ စိုင်းဟောင်ခမ်းက သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ပြောသည်။
“လွှတ်တော် သုံးရပ်လုံးပြိုင်မယ်။ ကိုယ်စားလှယ်လောင်းကတော့ ၂၅ ရက်နေ့ မှ ဆုံးဖြတ်မယ်။ ဘယ်သူက ဘယ်နေရာ ပြိုင်မလဲ ဆိုတာ။ အခြေအနေ အရ အခုက သျှမ်းပါတီ အချင်းချင်းလဲ ပြိုင်ရမှာဘဲ” - ဟု ဆရာ စိုင်းဟောင်ခမ်းက ပြောသည်။
ပါတီ စတင်တည်ထောင်စဉ်က သျှမ်းပါတီကြီး နှစ်ခု ဖြစ်သည့် ကျားဖြူ နှင့် ကျားခေါင်း မပေါင်း သောကြောင့် ပါတီ အသစ်တည်ထောင်ရခြင်းဖြစ်သည်ဟုဆိုသော်လည်း ကျားခေါင်းပါတီအတွက် ပံ့ပိုးသွားဖို့ရည်ရွယ်သည်ဟု ပါတီ ဒုတိယ ဥက္ကဌ စိုင်းဆမ်တစ်ဆေက ပြောသည်။ သို့သော် အဆိုပါ ပါတီကြီးများထံမှ တုန့်ပြန်မှု မရှိသေးဟု ပြောသည်။
“ကျနော့် သျှမ်းပါတီအချင်းချင်း နားလည်မှုရယူဖို့၊ အပေးအယူလုပ်ဖို့ ကျားဖြူတို့၊ ကျားခေါင်းတို့ ကို ဆက်သွယ်တယ်။ ဘာမှ ပြန်ကြားလာတာမရှိဘူး။ သူတို့လဲ အလုပ်များနေတယ်နဲ့တူတယ်” - ဟု ပါတီ ဒုတိယ ဥက္ကဌ စိုင်းဆမ်တစ်ဆေ ကပြောသည်။
ESSDDP သည် သျှမ်းပြည်အရှေ့ ပိုင်း ကျိုင်းတုံမြို့တော်တွင် အစိုးရပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ၊ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် NLD တှိုအပြင်၊ လားဟူပါတီ၊ အခါ ပါတီ၊ စပါးနှံပါတီ အမည်ရ တစည တိုင်းရင်း သား စည်းလုံး ညီညွှတ်ရေးပါတီ NUP တို့ အပြင် သျှမ်းပါတီကြီးများဖြစ်သည့် ကျားဖြူပါတီခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ၊ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့အချုပ် SNLD တို့နှင့်လည်း ယှဉ်ပြိုင်ရဖွယ်ရှိနေပါသည်။
သျှမ်းပြည်အရှေ့ပိုင်းဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ Eastern Shan State Development Democratic Party သည် ၂၀၁၅ ဂျွန် ၃ ရက်နေ့က နေပြည်တော်အစိုးရ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ထံ ပါတီမှတ်ပုံတင် တရားဝင် တင်လျှောက်ထားသည့် ပါတီဖြစ်သည်။
Tags: News, politic


