လွှတ်တော် ပြင်ပ နိုင်ငံရေး အားကောင်းဖို့ SNLD ထိပ်တန်း ခေါင်းဆောင်များ ရွေးကောက်ပွဲ မဝင်
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် နိုဝင်ဘာလတွင်ကျင်းပမည့် ရွေးကောက်ပွဲဝင် ရောက်ယှဉ် ပြိုင်မည်ဟု ကြေငြာခဲ့ပြီးဖြစ်သော်လည်း ဥက္ကဌ ခွန်ထွန်းဦးအပါဝင် ပါတီထိပ်တန်း ခေါင်း ဆောင် ၅ ဦးမှာ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ပါတီဥက္ကဌ ဦးခွန်ထွန်းဦးက ပြောသည်။
"ကျနော်က အသက်ကြီးပြီ။ လူငယ်တွေကို နေရာပေးရမယ်။ ဒါ့အပြင် ပြည်တွင်းငြိမ်းချမ်းရေး တိုင်းရင်းသား အရေးတွေ ဆောင်ရွက်ဖို့ ပါတီ တည်ဆောက်ရေးနဲ့ လွှတ်တော်ပြင်ပနိုင်ငံရေး အားကောင်းမှုကလည်း အရေး ပါတယ်လေ။ ဒါကြောင့် မပြိုင်တာပါ။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တွေကလည်း ဒီဆုံးဖြတ်ချက်ကို လက္ခံပါတယ် "- ဟု ခွန်ထွန်းဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
ဥက္ကဌကြီး ခွန်ထွန်းဦးအပြင် ပါတီ ဒုတိယ ဥက္ကဌ ဦးစိုင်းစောအောင် ၊ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်၊ တွဲဖက်အတွင်းရေးမှူး စိုင်းလိတ်၊ စည်းရုံးရေးမှူး စိုင်းအဂ္ဂ တို့ ရွေးကောက်ပွဲဝင်ပြိုင် မည် မဟုတ်ကြောင်း အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ပြောသည်။
"လွှတ်တော်ထဲကို ထိုက်သင့်တဲ့ ကိုယ်စားလှယ်အရေ အတွက်တွေ တစ်ဖက်က ကြိုးစားနေပြီး တစ်ခြား တစ်ဖက်ကလည်း လွှတ်တော်ပြင်ပ နိုင်ငံရေးအတွက် ခေါင်းဆောင်တွေ ရှိ နေဖို့ လိုအပ်တယ်လို့ သုံးသပ်တဲ့ အတွက် ဖြစ်ပါတယ်။ အခြေခံဥပဒေ ကိစ္စနဲ့ ပတ်သက်လာရင် လွှတ်တော်ပြင်ပ နိုင်ငံရေး လောက ဟာ ကြီးမားတဲ့ လိုအပ်ချက် ဖြစ်နေတာ နိုင်ငံရေးလေ့လာသူတိုင်း သိနေကြမှာ ဖြစ်ပါတယ်။ "- ဟု ဦးစိုင်းညွှန့်လွင်က သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
သျှမ်းတိုင်းရင်းသားများ ဒိမိုကရေစီအဖွဲ့ချုပ်၏ ပါတီ ဥက္ကဌ ဖြစ်သူ ဦးခွန်ထွန်းဦးမှာ ၁၉၉၀ ရွေးကောက် ပွဲတွင် သီပေါမဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သူဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံမပြင်ပါက ရွေးကောက်ပွဲမဝင်ဟု ၂၀၁၃ ခုနှစ် ကတည်းက ပြောဆိုထားသူဖြစ်သည်။
"ပါတီဥက္ကဌက သူက နဂိုကတည်းက သူ့အနေနဲ့ ဖွဲ့စည်းပုံမပြင်ရင် ရွေးကောက်ပွဲမဝင်ဘူးလို့ ပြောထားတာ။ ရွေးကောက်ပွဲဝင်တာက ပါတီရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ သူမဝင်တာက သူ့ရဲ့ ဆန္ဒဖြစ်တယ်။ ဒါကလည်း ဖွဲ့စည်းပုံမပြင်တာနဲ့ ပတ်သက်တယ် " - ဟု ဦးစိုင်းညွှန့်လွင်က ပြောသည်။
Tags: News, politic


