နမ့်ခမ်း မြို့နယ် အလုပ် အမှုဆောင် ကော်မတီ အလုပ် တာဝန် ရပ်ဆိုင်း ထားရန် SNLD ဗဟို ကော်မတီ ညွှန်ကြား



သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၏ ကျားခေါင်း ခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ အလုပ်တာဝန်အားလုံး ရပ်ဆိုင်းထားရန် ဗဟိုကော်မတီ က ညွှန်ကြားထားသည်ဟု သိရသည်။



ကျားခေါင်းပါတီ ခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ နမ့်ခမ်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ အလုပ် တာဝန်အား ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ရပ်ဆိုင်းထားရန် ဂျူလိုင် ၂၄ ရက်စွဲဖြင့် ညွှန်ကြား ထားကြောင်း၊  ဗဟိုကော်မတီ၏ ညွှန်ကြားစာ အား ယမန်နေ့ ဂျူလိုင် ၂၈ ရက်နေ့က  လက်ခံရရှိကြောင်း၊ အဆိုပါ ကိစ္စနှင့် ပတ်သက်၍လည်း နမ့်ခမ်းမြို့ ကျားခေါင်းပါတီဝင်များ အစည်းအဝေးလုပ်နေကြောင်း  နမ့်ခမ်းမြို့ ကျားခေါင်း ပါတီ ဉက္ကဌ စိုင်းလိန်မြတ်က ပြောသည်။

“ဂျူလိုင် ၁၄ - ၁၅ မှာ ကျနော်တို့ ဗဟိုကော်မတီ ဝင်အစည်းအဝေးလုပ်တယ်။ ရွေးကောက်ပွဲ ဝင်ဖို့ တညီ တညွတ်တည်း ဆုံးဖြတ်တယ်။ အဲဒီအချိန်မှာ - ကျနော်တို့နမ့်ခမ်းမြို့နယ်က အလုပ် အမှုဆောင်အဖွဲ့က ရွေးကောက်ပွဲ မဝင်ဖို့ သူတို့ဟာ သူတို့ ဆုံးဖြတ်ထားတာရှိတယ်။ ဒီကိစ္စက ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်ကို မလွှမ်းမိုးနိုင်ဘူး။ နောက်ဆုံး ဗဟိုကော်မတီ က ချတဲ့ ဆုံးဖြတ်ချက်ဆိုရင် ဘယ်ပါတီဝင်ဘဲဖြစ်ဖြစ် ဘယ်မြို့နယ် ကော်မတီဝင်ဘဲဖြစ်ဖြစ် ပါတီ အတွင်း အမြင့်ဆုံးအဖွဲ့ အစည်းက ဆုံးဖြတ်ခဲ့တာကြောင့် ကျနော်တို့ SNLD အဖွဲ့ဝင်များ အားလုံး လိုက်နာဆောင်ရွက်ရပါမယ် ။ ဒါ ဒီမိုကရေစီလမ်းစဉ်ဘဲ --”

“ပုဂ္ဂိုလ်ရေး ကတော့ ညီအစ်ကိုထက် မက ကျနော်တို့ ခင်ပေမယ့်လည်း   မတတ်နိုင်ဘူး၊ ဒါက နိုင်ငံရေးနဲ့ ဆိုင်တယ်။    တမျိုး သားလုံးရဲ့ ကိစ္စဖြစ်တဲ့အတွက် နမ့်ခမ်းမြို့နယ်ရဲ့ လုပ်ပိုင်ခွင့်ကို ခဏရပ်ဆိုင်း ထားရတာ ဖြစ်တယ်။ -- နောက်ပြီး SNLD ရဲ့မဲပုံးကို ထည့်ချင်တဲ့လူထုကိုလဲ ကျနော်တို့ အလေးထားရမှာဖြစ်တယ်” - ဟု ပါတီ အထွေထွေ အတွင်း ရေးမှူး စိုင်းညွှန့်လွင် ခေါ် စိုင်းနွတ်က ပြောသည်။

“ ဗဟို ကော်မတီက တာဝန်အရ သူတို့လုပ်လာတယ်။ ဒါကြောင့် ဘာမှမပြောလိုဘူး။ ဒါက ပါတီ အရေးလေ။ ဗဟိုကော်မတီ အမြင်သဘောထားနဲ့ ကျနော်တို့နမ့်ခမ်းမြို့နယ် ကော်မတီ သဘောထား က မတူလို့ဖြစ်တယ်။ နမ့်ခမ်းမြို့နယ်အရေးက တပိုင်း၊ ပါတီရဲ့  ဟိုင်းပေါ်လစီ အရေး တပိုင်း နှစ်ခုလုံးကွဲလွဲမှုရှိလို့ ကျနော်တို့ နားလည်တယ်။ -- ကျနော်တို့ ကျားခေါင်း ပါတီ ဟောင်းက အခြေအနေအရ ကျားဖြူပါတီ ဖြစ်လာဖို့ ပံ့ပိုးလာ ကြတယ်။ ကျနော်တို့ နမ့်ခမ်း မြို့နယ်ရဲ့ လက်ရှိအခြေအနေအရလဲ ဒီပါတီနှစ်ခုကွဲပြီး ခွဲပြီးတော့ လုပ်လို့မရဘူး။ ပါတီကွဲရင်  လူထုလဲကွဲမယ်။ လူထု ကွဲရင် ပြဿနာတွေကို စုပေါင်းဖြေရှင်းဖို့ရတော့မှာမဟုတ်ဘူး” - ဟု လုပ်ပိုင်ခွင့် ရပ်ဆိုင်းခံထားရသူ ပါတီ၏ မြို့နယ် ဉက္ကဌ   စိုင်းလိန်မြတ်က ပြောသည်။

ထို့အပြင် စိုင်းလိန်မြတ်က တာဝန်မှ ရပ်ဆိုင်းထားသော်လည်း မည်သည့်ပါတီကိုမှ ဝင်မှာ မဟုတ်သေးဘဲ၊ အကောင်းဆုံး ပြဿနာဖြေရှင်းနိုင်ဖို့ နည်းလမ်းရှာသွားမည်ဖြစ်ကြောင်း သျှမ်းသံတော်ဆင့်သို့ပြောသည်။
မြို့နယ်အဆင့် အလုပ်အမှုဆောင်အားလုံးအား လုပ်ပိုင်ခွင့်တာဝန်ရပ်ဆိုင်းထားရန် ညွှန်ကြားခြင်းသည် ကျားခေါင်းပါတီ သမိုင်းတွင် ပထမ ဆုံးဖြစ်သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates