အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ဆွေးနွေးပွဲ ပထမနေ့ အချက် ၄ ချက် သဘောတူ



ရန်ကုန်မြို့တွင် ဂျူလိုင်လ ၂၂ ရက်နေ့က စတင် ကျင်းပသည့် အစိုးရနှင့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ၏ ဆွေးနွေးပွဲပထမနေ့တွင် အချက် ၄ ချက်အား သဘောတူညီ နိုင်ခဲ့ကြောင်း သိရ သည်။



နှစ်ဘက် ပူးတွဲရေး ဆွဲထားသည့် တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲရေး မူကြမ်းတွင် တိုင်းရင်းသား များ၏ လော်ခီးလာ ညီလာခံမှဆုံးဖြတ်လိုက်သည့် ထပ်မံထည့်သွင်းရန် အဆိုပြုထားသည့် အချက် ၁၃ အနက် အချက် ၆ ချက်ကို စတင်ဆွေးနွေးခဲ့ပြီး အချက် ၄ ချက်ကို ပြင်ဆင်ထည့်သွင်းရန် သဘောတူလိုက်ခြင်း ဖြစ်ကြောင်း နှစ်ဘက် တာဝန်ရှိသူ များက ဆွေးနွေးပွဲအပြီးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

“ညနေအထိအချက် ၆ ချက်ကို ညှိနှိုင်းဆွေးနွေးနိုင်ပါတယ်။ ပထမဦးဆုံး အချက် ၄ ချက်လုံးက နှစ်ဘက်က စာချုပ်ချောပြီးသဘောတူနိုင်ခဲ့တဲ့အတွက် လော်ခီးလာက အဆိုပြုထားတဲ့ အန်စီအေ အဆိုပြုချက်ထဲက နှစ်ဘက်ခေါင်းဆောင်တွေက စာချုပ်ချောတာ ကို ညှိနှိုင်းလို့ရတဲ့အတွက် ပြီးသွားပါပြီ။ နှစ်ချက်ကတော့ မနက်ဖြန် ဆက်ဆွေးနွေးပါမယ်။” - ဟု မြန်မာငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာနမှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောသည်။

ယင်းအချက် ၄ ချက်မှာ နိုင်ငံရေး စစ်ရေးစသည့် အရေးပါသည့် အချက်များ မဟုတ်သေးပဲ စာချုပ် ၏ နိဒါန်းပိုင်း၊ ဥပဒေနှင့် အညီဆိုသော စာသားနှင့် အခြားသာမန် မူလအဓိပ္ပာယ် မပျောက်ပဲစာ သားပြင်ဆင်သည့် ကိစ္စရပ်များသာ ဖြစ်ကြောင်းလည်း တိုင်းရင်းသား လက်နက်ကိုင်များဘက်မှ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ SD ၏ ဒုတိယ ခေါင်းဆောင် ပူးဇင်ကျုံးကပြောသည်။

“ ဒီနေ့က အဆင်ပြေတယ်ဆိုတာ အဓိက အချက်တွေမပါသေးလို့ပါ။ မနက်ဖြန် နိုင်ငံရေးတို့ တပ်ပိုင်းဆိုင်ရာတို့ ဆိုရင်တော့ ကြည့်ရမယ် ”ဟု ဆွေးနွေးပွဲ တက်ရောက် နေသည့် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောသည်။

ဆွေးနွေးပွဲပထမနေ့တွင် အစိုးရဘက်မှဦးဆောင်သူ အဖြစ်တက်ရောက်လာသည့် ၀န်ကြီး ဦးအောင်မင်းက - အစိုးရသက်တမ်း သိပ်မကျန်တော့လို့  လက်ရှိ အစိုးရ သက်တမ်းအတွင်း မပြီး ပြတ်ရင် နောင်လာမယ့် အစိုးရသစ် လက်ထက်မှာ အသစ်ကပြန် စ ရဖွယ်ရှိတယ်- ဟု သတိပေး ပြောဆိုမှုများ ပြုလုပ်ထားသည်။

ဝန်ကြီး ဦးအောင်မင်းက ထိုကဲ့သို့ ပြောဆိုသော်လည်း တိုင်းရင်းသား ကိုယ်စားလှယ် အဖြစ်တက် ရောက်လာသည့် ဒေါက်တာလဂျာကမူ - “ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေုးနှင့် ပြည် တွင်း ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒများသည် မည်သည့် အစိုးရ တက်လာသည်ဖြစ်စေ တသမတ် တည်းရှိသင့်ကြောင်း၊ တသမတ်တည်း ထားနိုင်မှသာ နိုင်ငံရေးပြသနာများ ပြေလည်မည်ဖြစ် ကြောင်း”  သူ၏ မိန့်ခွန်းတွင် တုန့်ပြန်ပြောဆိုသည်။

ယခု ဆွေးနွေးပွဲတွင် အဓိကထား ဆွေးနွေးရဖွယ် ရှိသည့်အချက်များမှာ လုံခြုံရေး ဆိုင်ရာ ပြန်လည် ပေါင်းစည်းရေးနှင့် ပြုပြင်ပြောင်းလဲရေး SSR Security sector reform နှင့် အားလုံးပါဝင်သည့် အပစ်ခတ်ရပ်စဲရေး ဖြစ်ပေါ်လာရေးစသည့် ကိစ္စများ ဖြစ်နေကြောင်း တက်ရောက်လာသည့် တိုင်းရင်းသား ကိုယ်စားလှယ်အချို့မှ ပြောဆိုသည်။

တပ်မတော်ဘက်မှ အပစ်ရပ်ပြီးနောက်ပိုင်း နိုင်ငံရေးဆွေးနွေးပွဲများတွင် သဘောတူညီမှု ရရှိပါက လက်ရှိ တိုင်းရင်းသားတပ်များအလား လက်နက် ဖြုတ်သိမ်းရန် ဆိုသည့် DDR အားထည့်သွင်း လိုနေပြီး တိုင်းရင်းသားများ ဘက်ကမူ မိမိ၏ ပြည်နယ်နှင့်လူမျိုးတို့အား ကာကွယ်နိုင်ရန်အတွက် ပြည်နယ် စောင့်တပ် သို့မဟုတ် စစ်ရဲ အသွင်ဖြင့် ပြောင်းလဲ နိုင်သည့် Security sector reform SSR ကို ထည့်သွင်းရန် လိုလားနေသည်။

ယင်းအပြင် အစိုးရအနေဖြင့် ယခင် သတ်မှတ်ထားခဲ့သည့် ၁၆ ဖွဲ့ကိုသာ အပစ်ခတ် ရပ်စဲရေး လက် မှတ်ရေးထိုးရာတွင် ပါဝင်ရမည်ဟူသည့် မူဝါဒကို ဆက်လက် ကိုင်စွဲ ထားကြောင်း ၀န်ကြီး ဦးအောင်မင်းက ပြောဆိုထားပြီး တိုင်းရင်းသားများ ဘက်ကမူ အစိုးရဘက်မှ ဆွေးနွေးဘက်အဖြစ် လက်မခံထားသည့် ကိုးကန့် ၊ တအာင်း ၊ ရခိုင့် တပ်မတော်တို့ အပါအဝင် အဖွဲ့အားလုံးပါဝင်မှုကို လိုလားနေသည်ဟု သိရသည်။

တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဖဒိုနော်စီဖိုးရာစိန်က ‘ ကျမ ကိုယ်တိုင်လည်း ပဋိပက္ခတွေ တိုက်ပွဲတွေ အကြားမှာ ကြီးပြင်းခဲ့တာ ၊ ငြိမ်းချမ်းရေးကို လိုလားတယ်။ ဒါပေမဲ့ တိုင်းပြည်ရဲ့ အစိတ်အပိုင်း အားလုံး သေနတ်သံတွေ တိတ်သွားမှ တကယ် ငြိမ်းချမ်း တယ်လို့လည်း ခေါ်နိုင်တာလေ။ အဲဒါကြောင့် အားလုံး ပါဝင်တဲ့ အပစ်ခတ်ရပ်စဲရေးဖြစ်သင့်တယ်။ ‘ ဟု ပြောသည်။

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ UPWC နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ SD အဖွဲ့တို့ဆွေးနွေးပွဲကို ဂျူလိုင် ၂၃ ရက်နေ့တွင် ဆက်လက်ကျင်းပ မည်ဖြစ်ပြီး အားလုံး ပါဝင်သည့် အပစ်ခတ် ရပ်စဲရေး ဖြစ်ရေး ၊ တပ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် အခြားအရေးကြီးသည့် ကိစ္စရပ်များမှာ အဆိုပါနေ့တွင် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates