AEC အတွက် ကြိုတင် ပြင်ဆင်ရေး ထိုင်း- မြန်မာ နယ်စပ် ဂိတ်ဖွင့်ဖို့ ချင်းမိုင်မြို့တွင် ဆယ်မီနာ ပြုလုပ်



အာဆီယံ စီးပွါးရေး ကွန်မြူနတီ အတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ထိုင်းမြန်မာနယ်စပ် တလျှောက် နယ်စပ်ဂိတ်များ ဖွင့်လှစ်နိုင်ရေး အတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၂ ဘက်နိုင်ငံ ကြီးအကဲနှင့် ဒေသခံလူထု သတင်းထောက်များ တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။


ချင်းမိုင်မြို့ တက္ကသိုလ်တွင် ကျင်းပသော အဆိုပါ ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံဘက်က အာဏာပိုင်များနှင့် အရာရှိကြီးများ အပြင် စီးပွါးရေး လုပ်ငန်းရှင် တချို့ ၂ နိုင်ငံ နယ်စပ်နေ ဒေသခံတချို့ တက်ရောက်ခဲ့ကြ ရာ စုစုပေါင်း အင်အား ၂၀၀ ခန့်ရှိကြောင်း ချင်းမိုင်မြို့ ၊ ချင်းဒေါဝ်မြို့ ၊ ဝိန်းဟိုင်မြို့ ၊ ပိန်းလုံအုပ်စု ၊ လတ်တိုင်ရွာ တို့မှ ဒေသခံများလည်း တက်ရောက်ကြောင်း သိရသည်။


ထိုင်းနိုင်ငံဘက်မှ အာဏာပိုင်များက ကူးသန်း ရောင်းဝယ်ရေး ၊ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှု ပြုနိုင်ရေးအတွက်  ပြင်ဆင်မှုများ ပြုလုပ်သွားရန် ရည်ရွယ်ပြီး ရင်းနှီးမြုပ်နှံမှု ဥပဒေ လေ့လာထားဖို့ အစရှိပြောဆိုသွားကြောင်း ဆယ်မီနာ သွားတက်သည့် သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းယွက်ခမ်း က သတင်းပေးပို့သည်။


“ထိုင်းနိုင်ငံက မြန်မာ သံအမတ် ဦးကောင်းစံလွင် ကပြောတယ်။ အခု ငြိမ်းချမ်းရေးအတွက် တပြည်လုံး အပစ်အခတ် လက်မှတ် ရေးထိုးပွဲ စောင့်ကြည့်ဦးမယ် လို့ပြောတယ်။ လက်မှတ် ရေးထိုးပြီးရင် ဒီ နယ်စပ် တလျှောက်က ၂ နိုင်ငံဝင်ထွက်ဖို့ ဂိတ်တွေဖွင့်လှစ်ဖို့ ဆွေးနွေးမယ်။ သင့်လျော်တဲ့အချိန်မှာ ဖွင့်လှစ် သွား မယ်လို့ပြော သွားပါတယ်။”


နယ်စပ် ဂိတ်များမှ တဆင့် နိုင်ငံခြား ခရီးသွားများ သွားလာ လည်ပတ်နိုင်ရေး ၊ ဒေသတွင်း သဘာဝ သယံဇာတ ထိန်းသိမ်းရေး ၊ အာဆီယံနိုင်ငံ အတွင်း စီးပွါးရေး ၊ ကူးသန်း ရောင်းဝယ်ရေး စသည် တို့အကြောင်းကို ပြောကြားသွားခဲ့သည် ဟုဆိုပါသည်။


တက်ရောက်သူ များအနက် ဆရာစိုင်းလုံ ကမူ “ ခုလောလောဆယ် နယ်စပ်ဂိတ်တွေ ဖွင့်လိုက်ရင် စီးပွါးရေး လုပ်ငန်းရှင်တွေ အတွက်တော့ အတော်ဘဲဖြစ်သွား မှာပေါ့။ ဒေသတွင်း လူထုအတွက်တော့ အခြေအနေနဲ့အမှီ လိုက်ရပါလိမ့်မယ်။ စီးပွါးရေး ကူးသန်းရောင်းဝယ်ရေး အစစ အရာရာ ပေါ့နော်။” ဟု ပြောဆိုသည်။ 


ဆယ်မီနာကို ဩဂတ်စ်လ ၂၂ ရက် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်ကျင်းပခဲ့ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates