သျှမ်းပြည်နယ်အား ထိန်းချုပ်သည့် ကစထ ၂ မှူး တပ်တာဝန်နား၍ လောက်ကိုင်၌ ရွေးကောက်ပွဲဝင်မည်



သျှမ်းပြည်နယ် နှင့် ကယားပြည်နယ် အား ထိန်းချုပ်သည့် ကာကွယ်ရေး ဝန်ကြီးဌာန အထူး စစ်ဆင်ရေး အမှတ် (၂ ) တပ်ဖွဲ့ မှူးကြီး တပ်ရာထူးနား၍ သျှမ်းပြည် မြောက်ပိုင်း လောက်ကိုင်မှ ပြည်နယ် လွှတ်တော်အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်မည်ဟု သိရသည်။


ဩဂတ်စ်လဆန်းပိုင်း တပ်မတော်အတွင်း ရာထူးအပြောင်းအလဲတွင် ကာကွယ်ရေး ဝန်ကြီး ဌာန အထူးစစ်ဆင်ရေး ကစထ အမှတ် (၁)  မှ အမှတ် (၄ ) အထိတပ်ဖွဲ့မှူးအသစ် အစားထိုး ခန့်အပ်လိုက်ကြောင်း ၊ ကစထ (၂) မှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် အစား တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်အား အစား ထိုးခန့် အပ်လိုက်သည်ဟု သိရသည်။


“ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်က ဖြူးက သျှမ်းလို့သိရတယ်။ သူ့အမေက သျှမ်းလူမျိုး တဲ့။ သျှမ်းလိုလဲ ပြောတတ်တယ်။ အခု သျှမ်းပြည် ဝန်ကြီးချုပ် ထက်တောင် ပြောနိုင်တယ် သူက။ လောက်ကိုင် မြို့နယ်ကနေ ပြည်နယ်လွှတ်တော် ပြိုင်မယ်။ သျှမ်းပြည် ဝန်ကြီးချုပ် ရာထူးမှန်းတယ် ဆိုပါတော့။ သျှမ်း ပါတီအတွက် မဲကွဲရင်တော့ အဲဒီ့နေရာ သူတကယ်ရ သွားနိုင်တယ်”- ဟု တောင်ကြီးမြို့နေ ၎င်းနှင့်နီးစပ်သည့် ပုဂ္ဂိုလ်တဦးက ပြောသည်။


ယခု တပ်မတော် အတွင်း အပြောင်းအလဲများသည် အသက် ၆၀ ပြည့်တော့မည့် တပ်မှူးကြီး များဖြစ်ကြောင်း ၊ အဆိုပါ လစ်လပ်နေရာများတွင် ပြန်ဖြည့်ရန်အတွက် တိုင်းမှူးများလည်း နေရာ အပြောင်းအလဲများကြောင်း ဘီဘီစီ သတင်းဌာနက ထုတ်ပြန်ထားသည်။


အမှတ် ၁ ကစထမှူး နေရာအား ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင် ၊ အမှတ် ၂ ကစထမှူး နေရာအား တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ၊ အမှတ် ၃ ကစထ မှူးနေရာအား တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ကျော်ဇော ၊ အမှတ် ၄ ကစထမှူး နေရာအား အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မင်းနောင် ၊ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ရာထူးအား နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ ဗိုလ်ချုပ် မောင်မောင်အေး ၊ စစ်ရာထူးချုပ် နေရာအား အနောက် တောင် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လူအေး ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ရာထူးအား ဗိုလ်ချုပ် တင်အောင်ဆန်း တို့ အသီးသီး တာဝန်ထမ်းဆောင် သွားမည်ဟု လည်းဆိုသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates