အင်းလေးကန် ရေရှည်တည့်တံ့ရေး - အသစ်ဆောက်မည့် ဟော်တယ်များ အားလက်မခံ ဒေသခံများပြော
သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် တွင်ရှိ အင်းလေးကန် ရေရှည် တည့်တံ့ခိုင်မြဲရန် အတွက် အင်းလေးကန်အတွင်း ဟော်တယ် များမတိုးချဲ့စေ လိုကြောင်း အင်းလေး ဒေသခံများက ပြောသည်။
ဟော်တယ် များပြားလာပါက ကွန်ကရစ် အပိုင်းများ လာမည်ဖြစ်ရာ အင်းလေးကန်အား ကွန်ကရစ် ဆောက်ကာ မည်ဆိုပါက ရေစိမ့်ဝင် မှုရှိမည်ဟုတ်ကြောင်း ၊ ထို့ကြောင့် နွေရာသီတွင် အင်းလေးကန်ရေ ပိုမိုခမ်းခြောက် သွားမည်ဖြစ်ကြောင်း အင်းလေး အရှေ့ဘက်ကမ်း မိုင်းသောက် ကျေးရွာအုပ်စု ဘေပင်ကုန်းရွာနေ ဒေါ်ညှိရီ ကပြောသည်။
“ဟော်တယ်တွေ ရှိသလောက်နဲ့ဘဲ ရှိပါစေတော့။ နောက် ထပ်တိုးချဲ့ မယ်ဆိုတာတော့ လုံးဝ သဘောမတူချင် တော့ဘူး။ မတိုးဆောက်စေ ချင်တော့ဘူး။ အင်းလေးလူထု ကန့်ကွက်ရမယ်” ဟု ၄င်းက ပြောသည်။
သျှမ်းပြည်နယ်မှ အမျိုးသမီးကြီးများ အဖွဲ့မှ အဖွဲ့ဝင် စဝ်ဟေမာသိုက် က “အင်းထဲမှာ ရေတွေလည်း ခမ်းကုန်ပြီ ။ သူများလည်း သူတို့မြေတွေကို သိမ်းထားတယ်။ အစိုးရဘက်ကလည်း ဘက်ဂျက်တွေ ချပေးထားတယ် ဆိုတာ အင်းလေး ဒေသခံတွေ သိအောင် ၊ နောက်တစ်ခုက သူတို့ဘာတွေ ခံစားနေရတာလဲ ဆိုတာကို သိစေချင်တယ်။ အင်းလေးကန် ရေရှည် တည်တံ့ခိုင်ဖို့ပေါ့” ဟုပြောသည်။
ခရီးသွား ဟော်တယ် များလာသည် နှင့်အမျှ ဒေသခံ လူထုတွေ ဒုက္ခအမျိုးမျိုး ကြုံတွေ့နေရကြောင်း နှင့် မြေနေရာများ မတရား ကျူးကျော်လာပြီး တောင်သူများ သွားရေးလာရေး အခက်ခဲဖြစ်ကြောင်း မိုင်းသောက် ကျေးရွာအုပ်စုနေ ကို ဝင်းနိုင်က ပြောပါသည်။
“ဟော်တယ်က ဆောက်လုပ်ရေး ဝန်ထမ်းတွေ ကျနော်တို့ ခြံဘေးနား မှာ ဟော်တယ်တွေ ဆောက်တော့ ကျနော်တို့ စိုက်ပျိုးထားတဲ့ သီးနှံပင်တွေကို ဝန်ထမ်းတွေက စည်းမဲ့ကမ်းမဲ့ ဝင်ရောက် ခူးစားတယ်” ဟု ၄င်းကပြောသည်။
အင်းလေး ဒေသခံ ရွာသူတစ်ဦးက “ဒီနှစ်လည်း ဒီလိုဘဲ ခြံထဲမှာ ပန်းတိမ်ငို ပန်းပင် စိုက်ထားတယ်။ ပန်းတွေကို ချိုးပစ်ကုန်တယ်။ ပြီးတော့ မျိုးစေ့ပါယူသွားတာ။ ဟော်တယ် အသစ်တွေကို လုံးဝလက်မခံတော့ ဘူး။ မှော်ပင် တွေ ပိန်းပင်တွေ မရှိရင် ရေဒလဟောစီး ကျမယ် မှော်ပင်တွေ က ရေစီးနှုန်းတွေကို ထိန်းပေးတယ် လေ။ ” ဟု ပြောသည်။
အင်းလေး ကန်သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်းတွင်းရေ ချိုကန်ဖြစ်ပြီး အင်းသား ၊ သျှမ်း ၊ တောင်ရိုး ၊ ပအိုဝ့် ၊ ဓနု ၊ ကယား ၊ ထနော့ ၊ ဗမာ စသည့် တိုင်းရင်းသား ပေါင်းစုံ စုပေါင်း၍ အင်းလေးကန်ကို အမှီပြုကာ ဘိုးဘွားစဉ်ဆက် နှစ်ပေါင်း ရာစုများစွာ လုပ်ကိုင် စားသောက် နေထိုင်ပါသည်။
Tags: Environment, News


