တောင်သူလယ်သမားအရေး S.A.D အဖွဲ့ခေါင်းဆောင်က တသီးပုဂ္ဂလ ၀င်ပြိုင်မည်
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့၌ တောင်သူ လယ်သမားများအတွက် တစ်သီးပုဂ္ဂလအနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု သျှမ်းလယ်ယာ စိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေး ဥက္ကဌ ကပြောသည်။
အဆိုပါ သျှမ်းလယ်ယာ စိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေး (Shan Agricultural Development) သည် လင်းခေးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဟု ဥက္ကဌ စိုင်းဆေဟန် ကပြောသည်။
“နိုင်ငံရေးနဲ့ တောင်သူ လယ်သမားဆိုရင် တောင်သူ လယ်သမားအတွက်က ပိုအရေးကြီးတယ်။ နိုင်ငံရေးက နံပါတ် ၂ နေရာမှာလာတယ်” ဟုပြောသည်။
မည်သည့် နိုင်ငံရေး ပါတီမဆို နိုင်ငံရေးကို အဓိကထားပြီး ရွေးကောက်ပွဲ ဝင်ကြသည်ကို တွေ့ရကြောင်း ၊ တောင်သူ လယ်သမားအရေးကို မေ့နေကြကြောင်း ၊ တောင်သူ လယ်သမား ကောင်းစားပါက နိုင်ငံရေး ၊ စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက် မည်မှာမလွဲကြောင်း သျှမ်းလယ်ယာ စိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေး ဥက္ကဌ စိုင်းဆေဟန် ကပြောသည်။
“တကယ်လို့ လွှတ်တော်ထဲဝင်ရရင် လယ်သမားများအတွက် ကောင်းကျိုးတွေရရှိမယ်” ဟု ၄င်းကပြောသည်။
လင်းခေးမြို့နယ်တွင် ရွေးကောက်ပွဲ ဝင်မည့် ပါတီများမှာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ( SNDP) ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်( NLD) နှင့် ပြည်ခိုင်ဖြိုးပါတီ တို့ဖြစ်ကြောင်း သိရသည်။
Tags: News, politic


