နမ့်ခမ်းမြို့ SNLD ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင်များ ပါတီမှနှုတ်ထွက်



သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ  SNLD ကျားခေါင်းပါတီ အလုပ် အမှုဆောင် အဖွဲ့ဝင် များသည်  သြဂတ်စ်လ (၁၃)ရက်နေ့၌ ၄င်းပါတီမှ စုပေါင်း နှုတ်ထွက် ခဲ့ကြကြောင်း သတင်းရရှိသည်။


နှုတ်ထွက်စာကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ၊ မြောက်ပိုင်း SNLD ဥက္ကဌနှင့် ရန်ကုန်မြို့ရှိ SNLD ရုံးချုပ် ထံသို့ တစ်စောင်စီ ပေးပို့ထားကြောင်း ၊ ပါတီ အလုပ် အမှုဆောင်အဖွဲ့ (၂၃) ဦး ရှိသည့်အနက် (၂၂) ဦး နှုတ်ထွက် ခဲ့ကြကြောင်း နမ့်ခမ်းမြို့ ကျားခေါင်းပါတီမှ နှုတ်ထွက်သွားသော ဦးစိုင်းအောင်ဝင်း ကဆိုသည်။


“ဘာကြောင့် ပါတီဝင်အဖြစ် မှ နှုတ်ထွက် ရလဲဆိုတော့ SNLD ဗဟိုဌာနချုပ်က  ပါတီမူဝါဒလမ်းစဉ် အတိုင်း လိုက်နာ ကျင့်သုံးနေတာ မတွေ့ရခြင်း နောက်တစ်ချက်ကတော့ ဗဟိုဌာနချုပ်မှ ကျနော်တို့ နမ့်ခမ်းမြို့ဒေသခံ များကို ရိုသေလေးစားမှု မရှိတာက တစ်ကြောင်း ပါတီဝင်အဖြစ်မှ နှုတ်ထွက်ရပါတယ်” ဟု ၄င်းက သျှမ်းသံ တော်ဆင့် အားပြောသည်။


နမ့်ခမ်းမြို့ ဒေသခံများ သဘောထားနှင့်  မြို့နယ် အလုပ် အမှုဆောင်အဖွဲ့ဝင် များ၏ သဘောထားမှာ ၂၀၁၅ ရွေးကောက်ပွဲတွင် ကျားခေါင်း ပါတီ အနေဖြင့် နမ့်ခမ်းမြို့နယ်ထဲမှ ၀င်ရောက် ရွေးချယ်ခြင်း မပြုပဲ ပြင်ပလွှတ်တော်မှ နေပြီး  ကူညီ အားဖြည့်ပေးရန် အတွက်သာ ဖြစ်ကြောင်း ၊ သို့သော် ဗဟိုမှ ရွေးကောက် ပွဲဝင်ရန် ဖိအားပေး လာသဖြင့်  ပါတီ အလုပ် အမှုဆောင်အဖွဲ့ အားလုံးနီးပါး ပါတီဝင်မှ နှုတ်ထွက်  ရသည့် အဆင့် ဖြစ်ပေါ်လာရကြောင်း နမ့်ခမ်းမြို့ SNLD ပါတီ အတွင်းရေးမှူးဟောင်း ဦးလုံးမောက်ဆိုင် ထွန်းလှိုင် ကရှင်းလင်းပြောပြသည်။


“ကျားခေါင်း ပါတီအဖွဲ့မှ နှုတ်ထွက်လဲ ကျနော်လုံးဝ ၀မ်းမနည်းပါဘူး။ မကြာမှီ အချိန်မှာ နမ့်ခမ်းမြို့ရဲ့ ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းနဲ့ သဘာဝ တောတောင် ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းတွေကို ကူညီ ဆောင်ရွက်ပေးဖို့ လူမူရေးအဖွဲ့ တစ်ဖွဲ့ကို ကျနော်တို့   စုစည်း တည်ထောင်ထားပြီးပြီ။ ဒေသခံ  ကောင်း ကျိုးအတွက် ကျားဖြူပါတီ  SNDP ၊  သျှမ်းစာ/ယဉ် အဖွဲ့တွေနဲ့ လက်တွဲပြီး ဆောင်ရွက်သွားမယ် ” ဟု ၄င်းက ပြောသည်။


၎င်းနှင့်ပတ်သက်ပြီး SNLD ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလိတ်က- “ အခုလို ပါတီဝင် အဖြစ်ကနေ နှုတ်ထွက်သွား ကြတယ်ဆိုတော့ သဘောထားတွေ ရှင်းရှင်း လင်းလင်း တွေ့ရတာပေါ့။ အခု နမ့်ခမ်းမြို့နယ်မှာ အလုပ်လုပ်ဖို့ ကျနော်တို့  ကော်မတီသစ်ကို ရွေးချယ်ထားပြီး ဖြစ်ပါတယ်။” - ဟု ပြောဆိုပါသည်။


SNLD ဗဟိုဌာနချုပ်မှ ဂျူလိုင်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် ၂၀၁၅ ရွေးကောက်ပွဲ ဝင်မပြိုင်လိုသော နမ့်ခမ်းမြို့ SNLD အလုပ် အမှုဆောင် အဖွဲ့အားလုံးကို တာဝန်မှ ရပ်ဆိုင်းရန် စာတစ်စောင် ပေးပို့ခဲ့သည်။ ဒေသခံ (၇၀၀၀) ဦး ထက်မနဲ လက်မှတ်ထိုးပြီး ထိုစာကို ပြန်ရုပ်သိမ်းပေးရန် SNLD ဗဟိုဌာနရုံးချုပ်ကို ပေးပို့ထားကြောင်း သို့သော် SNLD ဗဟိုဌာနရုံးချုပ်မှ ပြန်လည်တုန့် ပြန်ခြင်းမရှိကြောင်း ပါတီဝင်များကပြောသည်။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates