ကျနော့်ကို သျှမ်းသံတော်ဆင့် အသိုက်အမြုံကနေ ဖယ်မထုတ်ပါနဲ့



                                                                                                                          သို့                                                                                      ၂၀၁၅ခုနှစ်၊သြဂတ်စ်လ(၁၁)ရက်

အယ်ဒီတာ

သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်ဆီကို ဆောင်းပါးတွေ ရေးပို့နေတဲ့ ကျနော်ဟာ ပြင်ပဆောင်းပါးရှင် အဖြစ်ကနေ သျှမ်းသံတော်ဆင့်ရဲ့ ပင်တိုင်ဆောင်းပါးရှင်ဖြစ်အောင် ကြိုးပမ်းနေတာဖြစ်ပါတယ်။ သျှမ်းသံတော်ဆင့် ဝိုင်းတော်သားတွေရဲ့မိသားစုဝင်အဖြစ် တသားတည်းဖြစ်ချင် သူဆိုလည်း မမှားပါဘူး။ “ပြင်ပ” ဆိုတဲ့စကားက ကျနော့်ကို သျှမ်းသံတော်ဆင့် အဝန်းအဝိုင်းကနေ ဖဲ့ထုတ်ပစ်ခံသလို ခံစားမိတယ်။



ဂျာနယ်လစ်နဲ့ သတင်းစာ သင်တန်းတခုမှာ အတူတက်ခဲ့ဖူးတဲ့ နာမည်ကြီး သတင်းဌာနမှာ အလုပ်လုပ်နေတဲ့ မိတ်ဆွေတစ်ယောက် ဆွယ်တရားဟောဖူး ပါတယ်။ “မင်းကွာ ငါတို့ဆီမှာ သတင်းရေး ၊ ဆောင်းပါးရေး ပါလား ၊” ဆိုပြီး သတင်း တစ်ပုဒ်ဘယ်လောက် ၊ ဆောင်းပါးတစ်ပုဒ် ဘယ်လောက် ဆိုတာမျိုးနဲ့ ဆွယ်ပေမယ့် ယောင်လို့တောင် ကျနော် စိတ်မဝင်စားပါဘူး။


ကျနော်ဟာ ဟိုအရင်ကတည်းက လုံးစိန်ကြည်(ဆခဟ)ရဲ့ စာပေအရေးအသား အရိပ်အာဝါသ အောက်မှာ ရှင်သန်ကြီးပြင်းလာတဲ့သူ ၊ အာကျန်ခင်းဆိုင်ရဲ့ စာပေ အတွေးအခေါ် လွှမ်းခြုံမှု အောက်မှာ လူလားမြောက် အရွယ်ရောက်လာတဲ့ သူဆိုတော့ “စိဏ်းလျော ၊ ဂွဏ်းခေါ် ၊ မိဏ်းလွယ် ၊ ပန်လုံ”တို့ကို သံယောဇဉ် အရမ်းကြီးပါတယ်။ ဒါကြောင့် သျှမ်းသံတော်ဆင့်ကို စေတနာ့ ဆောင်းပါးရှင်အဖြစ်နဲ့ ဆောင်းပါးတွေ ရေးပို့တာ ဖြစ်ပါတယ်။


တခြားဟာတွေကို မမျှော်မှန်းပေမယ့် ပုထုဇဉ် လူ့သဘာဝအတိုင်းပဲ ဘယ်သူမဆို မိမိရဲ့ ကြိုးပမ်း အားထုတ်မှုကို အနည်းဆုံးတော့ အသိအမှတ်ပြုခံချင်တာဟာ ဓမ္မတာပါ။


အခုတော့ မိမိဆောင်းပါးအောက်မှာ “သျှမ်းသံတော်ဆင့် အယ်ဒီတာ၏ အာဘော်နှင့် သဘောထား မဟုတ်ကြောင်း စာဖတ်ပရိသတ်များအား သိစေအပ်ပါသည်။ အယ်ဒီတာ” ဆိုသည့် မှတ်ချက်ကြီးက ကျနော်နဲ့ သျှမ်းသံတော်ဆင့်ကို စည်းခြားပြီး တားထားခဲ့သလို ခံစားမိပါတယ်။ ကိုယ့်ကို အသိအမှတ် မပြုသလိုလို ကြိတ်ခံစားမိတယ်။ ဆောင်းပါးနဲ့ပတ်သက်ပြီး ပွတ်တိုက်မှု တစ်ခုခုဖြစ်လာရင် အယ်ဒီတာနဲ့ မဆိုင်သလိုလိုဆိုတော့ ရင်ထဲ တစ်မျိုးကြီး ဖြစ်မိပါတယ်။


အဲဒီလို မှတ်ချက်မျိုး တခြားမှာရောမရှိဘူးလား ဆိုတော့လည်း မဟုတ်ပါဘူး ၊ အနည်း အကျဉ်းတော့ ရှိပါရဲ့ ၊ မလွဲမရှောင်သာမှ ထည့်ရမယ့် အခြေအနေမျိုးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သတင်းမီဒီယာ စာနယ်ဇင်းလောကတွေ လွတ်လပ်မှု တစ်စုံတစ်ခုသော အတိုင်းအတာအထိ ရရှိတဲ့ အခုခေတ်မှာတော့ အဲလိုမှတ်ချက်မျိုးက ရှားပါးကုန် ဖြစ်နေပါပြီလို့ ထင်ပါတယ်။


အဲလို မှတ်ချက်ကြီးပါရင် သက်ဆိုင်ရာ သတင်းဌာန အယ်ဒီတာတွေရဲ့ တာဝန်ခံမှု ၊ တာဝန်ယူမှုအပေါ် မေးခွန်းထုတ်ချင်စရာ ဖြစ်သွားမယ်။ ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး မျက်နှာလွဲခဲပစ်သလိုမျိုး သဘောသက် ရောက်သွားနိုင်မယ်။ ဆောင်းပါးအပေါ်ထားရှိတဲ့ စာဖတ် ပရိသတ်များရဲ့ အလေးပေးမှု၊ အရေးပေးမှု ၊ စိတ်ပါဝင်စားမှုများလည်း ပေါ့ပျက်ပျက် လျော့တိလျော့ရဲ ဖြစ်သွားစေနိုင်တယ်။ ဆောင်းပါးရဲ့ ဆွဲဆောင်မှု အားကိုလည်း ယုတ်လျော့ သွားစေနိုင်ပါတယ်။


ကျနော် ဖြစ်စေချင်တာက မိမိဆောင်းပါးကို အယ်ဒီတာ တစ်ယောက်အနေနဲ့ စိတ်ကြိုက် တည်းဖြတ် နိုင်တယ် ၊ စကား ၊ စာအသုံးအနှုန်းကအစ ဝါကျအထားအသိုအဆုံး ၊ သင့်တော်မယ်မထင်တဲ့ အချက် အလက်တွေ ဖြုတ်ပစ်နိုင်ပါတယ်။ အချက်အလက်တွေမှားရင် ပြင်ပေးနိုင်ပါတယ်။ စာရေးဟန် ပင်ကိုစတိုင်လ် ၊ ဆောင်းပါးရဲ့ကျောရိုးနဲ့ ပေးချင်တဲ့ Messageတွေသာ အရာမယွင်းရင် အားလုံး အဆင်ပြေချောမွေ့ပါတယ်။

ကျနော့်ကို သျှမ်းသံတော်ဆင့် အသိုက်အမြုံကနေ ဖယ်မထုတ်ပါနဲ့လို့ မေတ္တာရပ်ခံလိုပါတယ်။

ကျေးဇူးတင်စွာဖြင့်

 ဆောင်းပါးရှင် တစ်ယောက်




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates