တာချီလိတ် မူစယ် ကမ္ဘောဇဘဏ် တွင် ဒေသခံများ ငွေအလု အယက်ထုတ်



သျှမ်းပြည် မြောက်ပိုင်း မူစယ် နှင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တို့ရှိ ကမ္ဘောဇ ဘဏ်၌ ဒေသခံများ ငွေ အလုအယက် ထုတ်ယူမှုကြောင့် ဘဏ်အတွင်း ငွေစက္ကူ ကုန်လုနီးပါး ဖြစ်သွားကြောင်း ဘဏ်အရာရှိအသိုင်းအဝိုင်းက ပြောသည်။


၂၀၁၅ ဩဂတ်စ် ၁၈ ရက် နှင့် ၁၉ ရက်တွင် ကမ္ဘောဇဘဏ် ပိတ်သိမ်းခံရမည် ဟူသည့် တဆင့်စကားများကြောင့် ကမ္ဘောဇဘဏ်တွင် ငွေအပ်နှံထားသည့် ဒေသခံများ ၊ ငွေရှင်ကြေးရှင်များက ငွေ အလုအယက်သွားရောက် ထုတ်ယူခဲ့ခြင်းဖြစ်ကြောင်း ၊  လက်ရှိတွင် တထောင်ကျပ်တန် နှင့် နှစ်ရာကျပ်တန် ငွေစက္ကူများသာ ကျန်ရှိကြောင်း တာချီလိတ်မြို့ ငွေစာရင်း ဝန်ထမ်းတဦးက ပြောသည်။


“အခု ကျနော် ငွေသွားထုတ်တာ တထောင်တန်တွေကြီးဘဲ ရလာတယ်။ မရှိမဲ့ ရှိမဲ့ စုစောင်း ထားတဲ့ဟာလေး  ပါသွားမှာစိုးလို့ သွားထုတ်လိုက်တာ။ ဒါတောင် အားလုံးမရဘူး။” - တာချီလိတ်မြို့သား စိုင်းတွီ ကပြောသည်။


မူစယ်မြို့တွင်လည်း ဒေသခံများ ငွေအလု အယက် သွားထုတ်နေကြောင်း ဆိုပါသည်။


“ဘာမှမဟုတ်ဘူး။ ဘယ်သူက စဖွလိုက်လဲ မသိဘူး။ ဘဏ်ပြိုမယ်။ ပိတ်သိမ်းခြင်း ခံရမယ်ဆိုတာ။ ဘာမှ မဟုတ်ဘူး။ အထက်ကလဲ အမိန့်စာ ညွှန်ကြားလာတယ်။ ဒါက ကောလာဟာလ သတင်းဘဲ။ စိတ်ချမ်းချမ်းသာသာနဲ့ စိတ်ချလက်ချ ရှိစေလိုတယ်လို့ဘဲ ပြောလိုပါတယ်” - ဟု ကမ္ဘောဇဘဏ်အရာရှိ တဦးဖြစ်သည့် ဆရာမ နန်းမို ကပြောသည်။


စစ်အစိုးရခေတ်က လူထုအားအကြောင်း ကြားခြင်းမရှိဘဲ  ပုဂ္ဂလိကဘဏ် အများအပြား ပိတ်သိမ်းခြင်းခံရဖူး ပါသည်။


သို့သော်လက်ရှိ ဦးသိန်းစိန် အစိုးရ၏  ၄-၅ နှစ်သက်တမ်းတွင်မူ ဘဏ်များ ပိတ်သိမ်းခြင်း မရှိခဲ့ပေ။  သို့သော်  စီးပွားရေး မတည်ငြိမ်မှုများကြောင့် ဘဏ်များပိတ်သိမ်းမည်ဆိုသည့်  သတင်းများ မကြာခဏ ထွက်ပေါ်လာလေ့ရှိသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates