ရေဘေးသင့်အရေး သျှမ်းပြည်နယ် လွှတ်တော် အစည်းအဝေးတွင်ဆွေးနွေး
သြဂတ်စ်လ ၁၈ ရက် နေ့ကပြုလုပ်ခဲ့သော ပထမအကြိမ် သျှမ်းပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေးတွင် ယခုနှစ် ဂျူလိုင်လနှင့် သြဂုတ်လ အတွင်းဖြစ်ပေါ်ခဲ့သော မိုးရွာသွန်း မှုများကြောင့် သျှမ်းပြည်နယ်အတွင်း ပျက်စီး ဆုံးရှုံးမှုများအား ပြန်လည် ထူထောင်ရေးအတွက် ကူညီ ထောက်ပံ့ မှုပေးရေးနှင့် ပတ်သက်ပြီး ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် က တင်ပြ ဆွေးနွေးသွားခဲ့ကြောင်း သိရသည်။
သျှမ်းပြည်နယ်အတွင်း သဘာဝ ဘေးကြောင့် စုစုပေါင်း ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးမှာ ကျပ်သန်းပေါင်း နှစ်ထောင့် ငါးရာကျော် ရှိသည်ဟု ဆိုပါသည်။
သျှမ်းပြည်အတွင်း သဘာဝ ဘေးအန္တရာယ် ထိခိုက်ခဲ့သော မြို့နယ်စုစုပေါင်း (၂၂) မြို့နယ်ရှိပြီး ရေဘေးသင့် အိမ်ထောင်စု (၁၀၀၈) စု ၊ လူဦးရေ (၅၂၂၄) ဦး နှင့်သေဆုံးသူ (၉) ဦး (သီပေါမြို့နယ်မှ (၅) ဦး ၊ တာချီလိတ် မြို့နယ်မှ (၄)ဦး) ဖြစ်ကြောင်း ၊ တာချီလိတ်ခရိုင်မှ ရေဘေးသင့် အိမ်ထောင်စုများပြား ကာ အိမ်ထောင်စု (၂၀၈) စု ၊ ရေဘေးသင့် လူဦးရေ (၁၆၃၈) ဦးခန့် ရှိပြီး ၊ ယခုအခါတွင် (၅၁၉)ဦးမှာ မိမိနေအိမ်သို့ ပြန်လည်အခြေချ နေထိုင် ပြီးဖြစ်ကြောင်း ၊ (၁၁၁၉) ဦးအား ကယ်ဆယ်ရေးစခန်းတွင် စောင့်ရှောက် ထားဆဲဖြစ်ကြောင်း သိရသည် ။
ပျက်စီး ဆုံးရှုံးမှုအနေဖြင့် တာချီလိတ်ခရိုင်တွင် အများဆုံးဖြစ်ပြီး နေအိမ် (၁၆၈) လုံး ၊ စာသင်ကျောင်း ၂ ကျောင်း ၊ ရေဝင်ပျက်စီးခဲ့သော လယ်မြေဧက ၂၅၂၈.၀၈ ဧက နှင့် ပြိုကျပျက်စီးသော အဆောက်အဦး (၄)လုံး ၊ ဆည် (၂)ခု ၊ တံတားပေါင်း (၂၃) စင်းနှင့် လမ်း (၆) ခု ပျက်စီးခဲ့ ရာ ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးငွေ ကျပ်သန်းပေါင်း (၁၉၈၂.၄၉) သန်းခန့် ရှိပြီး ပြည်နယ် တစ်ခု လုံးအနေနှင့် ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုး ငွေကျပ်သန်းပေါင်း (၂၅၄၄.၉၃၉) သန်းခန့်ရှိသည် ။
လယ်ဧကများ ဆုံးရှုံးပျက်စီးမှုနှင့် ပတ်သက်ပြီး တောင်သူလယ်သမား အခွင့်အရေး နှစ်နာဆုံးရှုံးမှုမရှိစေရေး ၊ အထောက် အပံ့များရရှိစေရေး ၊ ပျက်စီး ဆုံးရှုံးမှုများကို ကိန်းဂဏန်းများ မှန်ကန်စွာရရှိရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့်သို့ စီစစ် ပြုစုတင်ပြ ဆောင်ရွက်လျှက် ရှိသည်ဟု သိရသည် ။
ပျက်စီးဆုံးရှုံးသွားသော သီပေါမြို့နယ် နမ့်ပေါ့ချောင်း တံတားအားလမ်းဦးစီး ဌာနပြင်ဆင် ထိန်းသိမ်းရေး ရန်ပုံ ငွေကျပ် သိန်း (၄၀၀) နှင့်ပြင်ဆင်ဆောင် ရွက်ခဲ့ပြီး ကျန်တံတားများကိုလဲ ၈၀ ရာခိုင်နှုန်းကျော်ခန့် ပြင်ဆင်ပေးပြီး ဖြစ်ကြောင်း ၊ နေအိမ် ပျက်စီးဆုံးရှုံးမှုများကို ရေဘေးသင့် မိစားစု တစ်စုလျှင် ထောက်ပံ့ငွေကျပ် သုံးသောင်းကျပ် ၊ စာသင်ကျောင်းနှင့် ဘုန်းတော် ကြီးေ ကျာင်းတစ်ကျောင်းလျှင် ထောက်ပံ့ငွေတစ်သိန်းကျပ်စီ ၊ လယ်ယာမြေ ပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် တစ်ဧကလျှင် တစ်သောင်းကျပ်နှုန်း ဖြင့် သျှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ပေးလျှက် ရှိသည်ဟု သိရသည် ။
ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်အောက်တွင် သဘာဝ ဘေးအန္တရယ် ကျရောက်မှုအတွက် လှူဒါန်းထောက်ပံ့ မှုများကို ကျပ် သန်းပေါင်း (၅၀၀) ခန့်သုံးစွဲနိုင် ရန် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း ယင်းအရေးပေါ် အစည်းအဝေးတွင် ပြည်နယ် ဝန်ကြီးချုပ်မှ တင်ပြဆွေးနွေးသွားခဲ့ခြင်း ဖြစ်သည် ။
Tags: Environment, News


