သျှမ်း/အရှေ့ ရေကြီးမှု သေကြေ ပျောက်ဆုံး မှုရှိ



သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်း သျှမ်း- လောဝ်(လာအို) နယ်စပ်ရှိ ပါလျောင်း-ကျိန်းလပ် တွင်မိုး အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရာ သေကြေ ပျောက်ဆုံးမှုများရှိခဲ့ကြောင်း သိရသည်။




တာချီလိတ်မြို့အရှေ့မြောက်ဘက် ရှိ ပါလျောင်း-ကျိန်းလပ်အုပ်စုတွင် ဩဂတ်စ်လ ၄ ရက် နံနက်ပိုင်း က မဲခေါင်မြစ်လက်တက်တခုဖြစ်သော နမ့်ကိုင်းချောင်းရေလျှံရာ ချောင်းဘေးရှိ ဝမ့်ကိုင်းရွာနှင့် တော် ကော့ရွာ ၂ ရွာ ပျက်စီးခဲ့ပြီး ကျန်ရွာများလည်း ရေဘေးဒုက္ခခံနေရ ကြောင်း သိရသည်။

“ရွာ ၂ ရွာထဲက ရေနဲ့မျောပါတာ စုစုပေါင်း ၁၃ ယောက်ရှိတယ်။အဲ့ထဲမှာ  ၇ နှစ်သား အရွယ်ယောကျား လေး ၁ ယောက်၊  အသက် ၇၀ ကျော်အဖွား ၁ ယောက်၊  ကလေးအမေ ၁ ယောက် နဲ့ သူ့ကလေး မိန်း ခလေး ၁ ယောက် ၊   နောက်ထပ်အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၁ ယောက် စုစုပေါင်း ၆ ယောက် သေတယ်။ ကျန်တာ ရှာမတွေ့သေးဘူး။  မနက် ၅ နာရီလောက် ရေအားချင်းကြီး လာလို့ပြေး ချိန်လွှား ချိန်မရတာလေ။ နေအိမ် ၆ လုံးရေနဲ့မျောပါတယ်။ ” ဟု တာချီလိတ်မြို့မှ ကျိန်းလပ်ရေဘေး သင့်ရာသို့ သွားရောက်ကူညီမှုပေးနေသည့်  စိုင်းအေးက ပြောသည်။

တာချီလိတ်မှ ရေဘေးသင့်ရာရွာသို့အသွားလမ်းတလျှောက်တွင်လည်း စုစုပေါင်းတံတား ၆ စင်း ပျက် စီးကာ ကားများလုံးဝ သွားလာ၍မရခဲ့ကြောင်း၊ တာချီလိတ်မှ ကျားခေါင်းပါတီ အပါအဝင် နိုင်ငံရေး ပါတီများမှ အစားအသောက်များသွားရောက် ထောက်ပံ့ပေးရာတွင်လည်း တဘက်ခြမ်းမှကားများဖြင့် လာရောက်ကဲ့ယူရကြောင်း တာချီလိတ်က  နိုင်ငံရေးပါတီဝင်လူငယ်က ပြောသည်။

“သွားနေကျလမ်းကနေသွားလို့မရဘူး၊ တခြားလမ်းကနေပတ်သွားရတယ်။ လမ်းတလျှောက်က ရေတွေ တော့ ပြန်ကျပါပြီ။ ရွှံ့တွေ ဘာတွေနဲ့ သွားလာလို့ကိုမရသေးတာ။ အာဏာပိုင်တွေ လည်းသွားကြည့်ပါ တယ်။ ရွာသားတွေကို သစ်တွေခုတ်ခိုင်းပြီး တံတားပြန်ဆက်တာပေါ့။  ရေဘေးသင့်ရွာသား ၂၀၀ ကျော်ကတော့ ဘုန်းကြီးကျောင်းမှာဘဲရှိနေသေးတယ်။”   ဟု ၎င်းက ပြောသည်။

တောင်ကျချောင်းရေနှင့်အတူ မျောပါလာသည်မှာ  သစ်တုံးနှင့်သစ်ကိုင်းများသာဖြစ်ကြောင်း၊ သဲနှင့် နှုန်းများသည် လယ်ကွင်းများအတွင်း ဝင်ကုန်သဖြင့် လယ်ပျက်စီးကုန်ကြောင်း၊ နမ့်ကိုင်း ချောင်းဖျား နှင့် ချောင်းတလျှောက်တွင် စီးပွါးရေးလုပ်ငန်းရှင်ကြီးများ၏ ရာဘာစိုက်ပျိုးရေးခြံများသာဖြစ်ကြောင်း ဒေသခံစိုင်းခမ်းကလည်းပြော သည်။

အလားတူ တာချီလိတ်မြို့နယ်အတွင်း တာလေအုပ်စု ရွှေတူးဖော်ရေးစီမံကိန်းရှိရာ နားဟိုင်း လုံ ရွာအသွားလမ်းတွင်လည်း လမ်းများပျက်ကာ တောင်မြေပြိုမှုများကြောင့် ဝမ့်မီရွာနှင့် ဝမ့်စက ရွာများရှိ လားဟူဒေသခံများ အခက်အခဲရင်ဆိုင်နေရကြောင်း သိရသည်။ ထို့အပြင် တာချီလိတ် လေဆိပ်တွင် လည်း လေယဉ်ပြေးလမ်းရေမြုပ်ရာ ယမန်နေ့က လေယဉ်အတက်အဆင်း ခေတ္တရပ်ဆိုင်းထားရ ကြောင်း တာချီလိတ်မြို့ခံ စိုင်းအေးက ဆက်လက်ပြောပြသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates