နမ့်ခုံး အသင်း ရေဘေးသင့် သူများအား ကူညီရန် စီစဉ်နေ



ရေဘေးသင့် ပြည်သူ များအား သျှမ်းပြည်နယ်ရှိ လူထု တရပ်လုံးမှ ပူးပေါင်း လက်တွဲ၍ ကူညီထောက်ပံ့ မှုများ ပေးနိုင်ရန် နမ့်ခုံး သျှမ်းများ ပရဟိတ အသင်းက တောင်ကြီး မြို့တွင် အလှူခံမဏ္ဍပ် ၃ ခု ဖွင့်၍ စေတနာရှင်များထံမှ ထောက်ပံ့ ပစ္စည်းများ အလှူခံ နေကြောင်း သိရသည်။



အလှူခံမဏ္ဍပ်ကို  တောင်ကြီးမြို့ ပေါ်ရှိ မြို့ပတ်လမ်းရှိတော်ဝင်ပုလဲနှင်းဆီ လဘက်ရည်ဆိုင်တွင် တနေရာ၊ မင်းလမ်းပေါ်ရှိ တော်ဝင်ဖိနပ်ဆိုင်နှင့် နမ့်ခုံး သျှမ်းများပရဟိတအသင်းရုံး စုစုပေါင်း ၃ နေရာတွင် ထားရှိခဲ့သည်ဟုသိရသည်။

“အခုလို တနိုင်ငံလုံးရေဘေးဒုက္ခရင်ဆိုင်နေရတာ ကျမတို့အနေနဲ့လည်း စိတ် မချမ်းမသာ ဖြစ်ရပါ တယ်။ ကျမတို့နမ့်ခုံးအသင်းအနေနဲ့ တတ်နိုင်သလောက် ရေဘေးဒုက္ခသည်တွေ ကိုကူညီသွားမယ်။ လူမျိုးဘာသာမရွေး နေရာဒေသမရွေး  ကူညီသွားမှာဖြစ်တယ်။” နမ့်ခုံးအသင်းမှ ခေါင်းဆောင် တဦးဖြစ်သည့် နန်းမိုကပြောသည်။

နမ့်ခုံး သျှမ်းများ ပရဟိတ အသင်း အနေဖြင့် ဦးစွာ ၂ ပတ်အတွင်း အလှူခံမည် ဖြစ်ပြီး ရရှိလာသော အလှူခံပစ္စည်းများအား ရေဘေးသင့်ရာ နေရာသို့ ပို့ဆောင်မည် ဖြစ်ကြောင်း ဆက်လက် လိုအပ်ပါက ဆက်လက် အလှူခံ သွားမည် ဖြစ်ကြောင်း ပြောပါသည်။

“ အခုကျမတို့ လဘက်ရည်ဆိုင်ရှေ့မှာတာဝန်ကျတဲ့အဖွဲ့တဖွဲ့ကဘဲ ဒီကနေ့ ရထား တာတွေက ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက် တို့အပြင် တိုင်းရင်းဆေးတွေ ဘာတွေလဲ ပါပါတယ်။ များသောအားဖြင့် အလှူ ရှင်တွေက ငွေကြေး လာပြီး ကူညီထောက်ပံ့တာ များတယ် ” ဟု နန်းမိုကပြောသည်။

သျှမ်းပြည်အရှေ့ပိုင်းတွင်ရေဘေးကြုံနေရသူများအပြင် မြန်မာပြည်နှင့်အဝှမ်း ရေဘေးကြုံ နေရသူများကိုပါသွားရောက်ကူညီမည်ဖြစ်ကြောင်း နမ့်ခုံးအသင်းက ပြောပါသည်။

ရေဘေး ကြုံရတယ်ဆိုတာ မူလအကြောင်းရင်းကတော့ သစ်တော ပြုန်းတီးလို့ဘဲ ဖြစ်တယ်။ တော ပြုန်းရင် တောင်ရေတွေကိုမထိမ်းထားနိုင်ဘူး။ဒါကြောင့် မိမိတို့ ဒေသမှာ သစ်တော သစ်ပင်တွေ မပြုန်း တီး အောင် ကိုယ့်အားကိုယ်ကိုးစနစ်နဲ့ တဖက်တလမ်းက ကာကွယ်ကြဖို့  လူတိုင်းမှာ တာဝန်ရှိပါတယ်။ ကျမတို့ နိုင်ငံ့ ခေါင်းဆောင် တွေကိုတော့ အားကိုးလို့မရတော့ပါဘူး။ သူတို့ကတော့ ဘယ်သူ ဘယ်ကုမ္မဏီ ဘယ်သူဌေးက ဘယ်သစ်တောကိုဘဲ ခုတ်ခုတ် ဖျက်ဖျက် သူတို့မတားဆီး ပေးနိုင်လို့ပါဘဲ။ - ဟု ၎င်းကပြောဆိုသည်။

နမ့်ခုံး သျှမ်းများပရဟိတ အသင်းသည် သျှမ်းပြည် ပြည်သူလူထု၏  ကျန်းမာရေး စောင့်ရှောက်မှုများ ပေးသည့်အပြင် သာရေးနာရေးနှင့် သဘာဝဘေးရင်ဆိုင်နေရမှု များကိုပါ ကူညီစောင့်ရှောက် ပေးနေသည့်အဖွဲ့ဖြစ်ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates