သျှမ်းလူငယ် ကွန်ရက် ချိတ်ဆက် အလုပ် လုပ်ဖို့ သိန္နီတွင် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ



သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့တွင် သျှမ်းလူငယ် ကွန်ရက် TYN  မှဦးဆောင်ပြီး သိန္နီတမြို့ လုံးဆိုင်ရာ လူငယ် ကွန်ရက် ချိတ်ဆက် နိုင်ရန် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ ခဲ့ကြောင်း ပွဲ ဖြစ်မြောက်ရေး ကော်မတီက ပြောသည်။



အဆိုပါ အစည်းအဝေး နှီးနှော ဖလှယ်ပွဲ အထောက်အကူ ဖြစ်အောင် သျှမ်းလူငယ် ကွန်ရက်မှ  သင်တန်း နည်းပြများ ဖိတ်ခေါ်ပြီး လူငယ်ဘ၀ စွမ်းရည်မြှင့်တင်ရေး တတ်ကျွမ်း ပညာရှင် အဖြစ် အသက်မွေးဝမ်းကျောင်း စွမ်းဆောင်နည်း၊ ရပ်ရွာပြသနာ ဖြေရှင်းနည်း၊ အသင်း အဖွဲ့ ဖွဲ့စည်းပုံ စသည်တို့ကို နှစ်ရက်တာ ဆွေးနွေးနေကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီ စိုင်းဝမ်းလျန်းက ပြောသည်။

“ လူငယ်အဖွဲ့အသီးသီးတော့ ကိုယ့်ရပ်ရွာမှာ ကိုယ့်  issue နဲ့ကိုယ် လုပ်ကိုင် နေကြ ပါတယ်။ အခုဟာက ဆဲန်ဝီ တမြို့လုံးဆိုင်ရာကွန်ရက်ချိတ်ပြီး  လူငယ်တွေ ဘယ်လိုပူးပေါင်း ဆောင် ရွက်ကြမလဲ။ ဘယ်လိုကော်မတီဖွဲ့ပြီး လှုပ်ရှားမလဲ စတာတွေကို နှစ်ရက်တာ ဆွေးနွေး မှာပါ” ဟု ၎င်းကပြောသည်။

သိန္နီ မြို့၌ လူငယ်အဖွဲ့အစည်း များစွာရှိပြီး ယခုကဲ့သို့ စုပေါင်း လုပ်ဆောင် နိုင်ခြင်းမရှိ သေးကြောင်း၊ ထို့ကြောင့်ရှိပြီးသားလူငယ်အဖွဲ့အစည်းအားလုံး စုပေါင်းပြီး ကိုယ်စား ပြုနိုင် သည့် အဖွဲ့အစည်းဖြစ်နိုင်ရန်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သျှမ်း လူငယ် ကွန်ရက်မှ စိုင်းလွယ်ခမ်းပန်က ပြောသည်။

“ဒီဇင်ဘာလမှာ သျှမ်းလူငယ်ကွန်ရက် ၂ နှစ်ပြည့် တွေ့ဆုံပွဲလုပ်မယ်၊ အဲ့လိုပွဲမျိုးမှာ ဆဲန်ဝီ မြို့နယ် ကိုယ်စားပြုလူငယ်အနေနဲ့ ပါဝင်လှုပ်ရှားနိုင်အောင်လည်း ပါတယ်” - ဟု ၎င်းက ပြောသည်။

အလုပ်ရုံဆွေးနွေးပွဲကို   ဩဂတ်စ်လ ၅ ရက်နှင့် ၆ ရက်နေ့တွင် ပြုလုပ် သွားမည် ဖြစ်သည်။ ဆွေးနွေးပွဲတက်ရောက်သူလူငယ် ၁၅၀ နီးပါးရှိကြောင်းသိရသည်။

“ရှေ့ဆက်ကတော့လူငယ်တွေအတွက် ဖွံ့ဖြိုးရေး သင်တန်းတွေ ဆက်တိုက် လုပ်သွားမယ်။ အမျိုးသားရေး နိုင်ငံရေး အသိပညာရေးနဲ့ သက်ဆိုင်တဲ့ဟာတွေပေါ့ ” - ဟု သျှမ်းလူငယ် ကွန်ရက်အဖွဲ့ဝင်စိုင်းလွယ်ခမ်းပန် က ပြောသည်။

ရပ်ရွာတွင် ကိုယ်စီ ရှိနေသည့် လူငယ် အသင်းအဖွဲ့ အသီးသီး လာရောက် ပူးပေါင်းပြီး မြို့နယ် လုံးဆိုင်ရာ လူငယ်ကွန်ရက် ချိတ်ဆက်ကာ လူငယ်များလိုအပ်သည့် စွမ်းရည်မြင့် သင်တန်းများ ကို ပိုမိုကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ရန် ရည်ရွယ်ကြောင်း ပွဲ ဖြစ်မြောက်ရေး ကော်မတီ စိုင်းဝမ်းလျန်း ကပြောသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates