ကျားခေါင်း ပါတီအား နမ့်ခမ်း မြို့နယ် အတွင်း ရွေးကောက်ပွဲ မဝင်ရန် ဒေသခံများ လက်မှတ်ထိုး တောင်းဆို
၂၀၁၅ ရွေးကောက်ပွဲ၌ ကျားခေါင်းပါတီ အနေဖြင့် သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် နမ့်ခမ်းမြို့နယ်တွင် ရှောင်ကွင်း ပေးရန် လူထုက လက်မှတ်ရေးထိုးကာ တောင်းဆိုထားသည်ဟု ကြားသိရသည်။
ဂျူလိုင် ၂၉ ရက်မှ ယနေ့အထိ နမ့်ခမ်းမြို့နယ် လူငယ်များအဖွဲ့က - နမ့်ခမ်းမြို့စည်းလုံးညီညွတ်ရေး ရှေ့တန်းတင်ကာ ကျားခေါင်းပါတီအနေဖြင့် နမ့်ခမ်းမြို့နယ်အတွင်းရွေးကောက်ပွဲမဝင်ရန်၊ ကျားခေါင်းပါတီ၏ နမ့်ခမ်းမြို့နယ် ကော်မတီအား အလုပ်နှင့် တာဝန် ပြန်လည် ပေးအပ်ရန် လူထုက လက်မှတ် ရေးထိုးကာ ကျားခေါင်း ခေါ် သျှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ထံ စာရေး တောင်းဆို လိုက်သည်။
“ကျနော်တို့ နမ့်ခမ်းမြို့ခံ လူငယ်၊ သံဃာတော်၊ လယ်သမား စတာတွေ စုပေါင်းပြီး ဂျူလိုင် ၂၉ ရက်နေ့က အစည်း ဝေး လုပ်ပြီး ဆုံးဖြတ်တယ်။ ကျားခေါင်းပါတီကနေ နမ့်ခမ်းမြို့ပါတီကော်မတီကိုဖြုတ်တယ်။ နမ့်ခမ်းမှာရွေးကောက် ပွဲဝင်မယ်ဆိုတဲ့ဟာက နမ့်ခမ်းသူ နမ့်ခမ်းသားတွေရဲ့ စည်းလုံးညီညွှတ်မှုကို ပြိုကွဲစေတယ်။ မဲကွဲရင်တခြားပါတီ ဘဲ အနိုင်ရသွားမယ်။ ဒါ့ကြောင့် ကျားခေါင်းပါတီအနေနဲ့ ဒီနမ့်ခမ်းမှာ ရွေးကောက်ပွဲမဝင်ဖို့၊ မြို့နယ်ကော်မတီကို အလုပ်တာဝန် ပြန်အပ် နှင်းပေးဖို့ တောင်းဆိုရတာ။ လက်မှတ်က ၆ ထောင်ထက် မနည်း ရှိသွားပြီ” - ဟု လူငယ်ခေါင်း ဆောင် စိုင်းလှစိုးက ပြောသည်။
အဆိုပါ တောင်းဆိုစာအား သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ထံတိုက်ရိုက်လိပ်မူကြောင်း၊ မိတ္တူအား သျှမ်းပြည်တပ်မတော် SSPP / RCSS ၊ ဆိုင်ကျော့ဌာနေပြည်သူ့စစ် တို့ထံ ပို့ဆောင်ကြောင်း ကြားသိရပါသည်။
“ကျားခေါင်းပါတီ ဝင်လို့ နမ့်ခမ်းသားတွေရဲ့ စည်းလုံးမှု ပြိုကွဲမယ် ဆိုတာ ကျနော်တော့ မထင်ဘူး။ နမ့်ခမ်းသားတွေ စည်းလုံးရင် ဘာမဆိုဖြစ်တယ်။ ကျားဖြူကိုကြိုက်ရင် ကျားဖြူကိုဘဲ မဲပေးပေါ့။ ကျားခေါင်းကိုကြိုက်ရင် ကျားခေါင်း ကိုဘဲ မဲပေးပေါ့။ တမျိုးသားလုံးအတွက် ဝိုင်းလုပ်ရမယ့်အချိန်၊ ကွက်ပြီး လုပ်နေလို့တော့မဖြစ်ဘူး” - ဟု နမ့်ခမ်းသား တဦးဖြစ်သည့် စိုင်းအိုက်ဦး ကပြောသည်။
၂၀၁၅ ရွေးကောက်ပွဲအား ဝင်ပြိုင်မည်မဟုတ်ဘဲ ကျားဖြူပါတီကိုသာ အထောက်အပံ့ပေးသွားမည်ဆိုသည့် ကျားခေါင်းပါတီ၏ နမ့်ခမ်းမြို့နယ်ကော်မတီ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်သည် ဗဟိုကော်မတီ ဆုံးဖြတ်ချက်နှင့် ဆန့်ကျင်သောကြောင့် အလုပ်တာဝန်အားလုံးရပ်ဆိုင်းထားရန် ဂျူလိုင် ၂၄ ရက်နေ့ ရက်စွဲဖြင့် ကျားခေါင်းပါတီ ဗဟိုကော်မတီက တရားဝင် ညွန်ကြားလိုက်ခြင်းဖြစ်သည်။
ကျားခေါင်းပါတီသည် မည်သည့် အစိုးရ တက်လာသည် ဖြစ်စေ သျှမ်းပြည်သားများ တန်းတူရေး အတွက် ပင်လုံစာချုပ် ၊ ပင်လုံမူ နှင့် ဗမာပြည်နယ် အပါအဝင် ၈ ပြည်နယ် သို့မဟုတ် ၈ ယူနစ်၊ (နောက်ပိုင်း ဗမာပြည်နယ် အတွက် တိုင်းဒေသကြီး ဘယ်လောက်ဘဲ များများ၊ တန်းတူညီမျှရေးအတွက် ခွဲတမ်းက ၈ ယူနစ်သာဖြစ်ရမည်၊ တိုင်းရင်းသား အရေး ကိစ္စမှာမူ တပြားမှမလျှော့နိုင်ဘူး) ဆိုသည့် အစိုးရအားအတိုက်အခံပြုနေသည့် တခုတည်းသော သျှမ်းပါတီဖြစ်သည်။
ကျားဖြူပါတီမှာမူ ၂၀၀၈ ဖွဲ့စည်းပုံဖြင့် တိုင်း ၇ ခု နှင့်ပြည်နယ် ၇ ခု သို့တည်းမဟုတ် ၁၄ ပြည်နယ် ဖြင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် ဆန္ဒရှိသည့် ပါတီ ဖြစ်သည်။
လက်တွေ့မှာမူ ၂၀၀၈ ဖွဲ့စည်းပုံအရ လက်ရှိ ပြည်ထောင်စုသည် နေပြည်တော် (တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ် များထက် ဘတ်ဂျက် အများအပြား ပိုသုံးသည့် ) အထူးတိုင်း အပါအဝင် တိုင်းဒေသကြီး ၈ ခု ရှိနေပြီး ပြည်နယ်က ၇ ပြည်နယ်ရှိနေပါသည်။
Tags: News, politic



