သျှမ်းအရှေ့ ESSDDP ပါတီ ဥက္ကဌ ကိုယ်တိုင် ရွေးကောက်ပွဲ ဝင်မည်
သျှမ်းပြည် အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ် ပါတီ ESSDDP ဥက္ကဌ စိုင်းဟောင်ခမ်း ကိုယ်တိုင် ကျိုင်းတုံမြို့ ပြည်နယ် လွှတ်တော် အမတ်လောင်း နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု သိရသည်။
သျှမ်းပြည် အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ ESSDDP တွင် ပါတီ ဥက္ကဌ စိုင်းဟောင်ခမ်းက ပြည်သူ့လွှတ်တော်၊ စိုင်းလုံ နှင့် နန်းပူးခမ်းက ပြည်နယ်လွှတ်တော် ၊ စိုင်းဆမ်တစ်ခေမရဌ်က အမျိုးသား လွှတ်တော် နေရာတွင် အသီးသီးဝင် ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။
“ကျနော်တို့ ဥက္ကဌ ကိုယ်တိုင် ပြည်သူ့လွှတ်တော်မှာ ဝင်ပြိုင်မယ်။ အချိန်မရှိတော့လို့ ၄ ယောက်ပဲ ပြိုင်မယ် ဒီတခေါက်။ အခုလူတွေ တော်တော်ထောက်ခံလာတယ်။ လူသိများလာ တယ်ပေါ့ဗျာ။ ကျနော်တို့ ဒေသ ကျနော်တို့ဘဲ အုပ်ချုပ်ရမယ်။ ကျနော်တို့ဘဲ စီရင်ပိုင်ခွင့် ရှိရမယ်” - ဟု ပါတီ ဒုတိယ ဥက္ကဌ စိုင်းဆမ်တစ်ဆေ ကပြောသည်။
အသက် ၈၆ နှစ်အရွယ် ဂုံသျှမ်းအမျိုးသား မင်္ဂလာစည်တော်ပါတီ ( ကောင်ဇိုင်းပါတီ) ဥက္ကဌ စိုင်းဟောင်ခမ်းသည် အဖ စိုင်းနွံ၊ အမိနန်းကောင်ခမ်း၏ သားဖြစ်ပြီး ၁၉၂၉ ခုနှစ်က ကျိုင်းတုံမြို့တွင် မွေးဖွားခဲ့သည်။ ကျိုင်းတုံမြို့၌ မူလတန်းကျောင်း၊ တောင်ကြီးမြို့၌ အလယ်တန်းကျောင်း၊ ရန်ကုန်မြို့၌ အထက်တန်းကျောင်း တက်ရောက် ဆည်းပူးခဲ့သည်။
ရန်ကုန်မြို့ ကရင် အမျိုးသားအရေး အခင်းနှင့် ကြုံသောကြောင့် ၁၀ တန်း မဖြေဆိုခဲ့ရဘဲ ဇာတိမြေသို့ပြန်ကာ ကျိုင်းတုံဟော်နန်းအတွင်း စာရေးကြီး တာဝန်အား ၁၉၆၂ ခု စစ်အစိုး ရ အာဏာသိမ်းသည့် အချိန်အထိ ၁၆ နှစ်ကြာ တာဝန် ထမ်းရွက်ခဲ့သည်။ ထို့နောက်ပိုင်း ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း၊ သမဝါယမလုပ်ငန်း၊ ဘုရားဂေါပကစသည့် ဘုရားဝတ် တာဝန်များ ထမ်းဆောင်ရင်း ကျရာတာဝန်များအား တခြားအဖွဲ့ အစည်းများနှင့် လက်တွဲ တာဝန် ထမ်းဆောင်ရာမှ ယခု နှစ်အတွင်းမှ နိုင်ငံရေးပါတီ အတွင်း ပြန်လည် ဝင်ရောက်လာ သည်။
Tags: News, politic


