ရွေးကောက်ပွဲ အောင်နိုင်ရေး CSO များ ကူညီရန် SNLD ပါတီ တိုက်တွန်း
လာမည့် နိုဝင်ဘာလ အတွင်း ပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် အရပ်ဘက် လူမှုအဖွဲ့ အစည်းများမှ တတ်နိုင်သည့် ဘက်မှ အကူအညီ ပေးရန် ကျားခေါင်း ပါတီမှ တိုက်တွန်း လိုက်သည်။
သျှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၏ အင်တာနက် စာမျက်နှာတွင် ဒီမိုကရေစီ အတိုက်အခံ အင်အားစုများ အနိုင်ရရန် အတွက် ၀ိုင်းဝန်း ကူညီပေး ကြရန်ဟု ဖော်ပြထားသည်။
“ဒီ ရွေးကောက်ပွဲက အသွင် ကူးပြောင်းရေး အတွက်ကော အနာဂတ် နိုင်ငံရေး အခင်း အကျင်းမှာ ဒီမိုကရေစီ အင်အားစုတွေ အင်တိုက် အားတိုက် ပါဝင် လာဖို့က အရေးကြီး နေတယ်။ အဲဒါမှ ဖွဲ့စည်းပုံ ပြင်ဆင်ရေး တိုင်းရင်းသား တန်းတူရေး အပါအဝင် အခြားကိစ္စ တွေမှာပါ အင်တိုက် အားတိုက် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်။ ဒါကြောင့် အရပ်ဘက် လူမှုအဖွဲ့ အစည်းတွေကို တိုက်တွန်း ရတာပါ။ ” ဟု ကျားခေါင်း ပါတီမှ ပြောခွင့်ရ စိုင်းလိတ်က ပြောသည်။
ပြည်တွင်းမှ အရပ်ဘက် လူမှု့ အဖွဲ့စည်း ဖြစ်သည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့ အစည်းကမူ အတိုက်အခံ တိုင်းရင်းသား အင်အားစုများ ရွေးကောက်ပွဲ တွင် အနိုင် ရရှိရေး အတွက်
ဝိုင်းဝန်း ကူညီ သွားမည်ဟု ၈၈ မျိုးဆက် ခေါင်းဆောင် ဦးကိုကိုကြီးက ဗွီအိုအေ နှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။
လာမည့် ရွေးကောက်ပွဲတွင် သျှမ်းပြည်နယ်ရှိ မဲဆန္ဒ နယ်များတွင် သျှမ်း ပါတီ နှစ်ပါတီ အပြင် ပြည်ခိုင်ဖြိုး ပါတီနှင့် အန်အယ်လ်ဒီ ပါတီတို့မှာ နေရာအားလုံး နီးပါး ၀င်ရောက် ယှဉ်ပြိုင် မည်ဖြစ်သော ကြောင့် သျှမ်းပြည်နယ် အတွင်း ရွေးကောက်ပွဲ ကျင်းပမှုများမှာ အကြိတ် အနယ်ရှိလာ မည်ဖြစ် သည်။
သျှမ်းပြည်နယ် အတွင်း မဲဆန္ဒ နယ်များတွင် သျှမ်း ပါတီ နှစ်ပါတီ စလုံး ဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ် သော်လည်း ပြည်သူများ ဆန္ဒမဲ ပေးနိုင်ရေး အတွက် ပညာပေး အစီစဉ်များမှာ ယခု အချိန်အထိ ဆောင်ရွက်မှုနည်းပါး နေသည်ဟု လေ့လာ သူများက ဆိုကြသည်။
“အခု အချိန်ထိ သျှမ်း အရပ်ဘက် အဖွဲ့စည်းတွေက ပါတီတွေနဲ့ ဆက်ဆံမှုတွေ နည်းနေ သလို သူတို့လုပ်ရမဲ့ အလုပ်တွေဖြစ်တဲ့ ပညာပေး အစီစဉ် တွေလည်း လုပ်တာ သိပ်မတွေ့ သေးဘူး။ နောက်ပြီးတော့ အရပ်ဘက် လူမှု အခြေပြု အဖွဲ့စည်းတွေ သျှမ်း အန်ဂျီအိုတွေ အများစု လုပ်နေပုံက စစ်အစိုးရ လက်ထက်က လုပ်နည်း ကိုင်နည်း တွေဖြစ်နေပြီး ဒီဘက်ခေတ်နဲ့ သိပ်အံမဝင် တာလည်း တွေ့ရတယ်။ အများစုက အပြင်မှာပဲ နေနေ ကြပြီး ရွေးကောက်ပွဲရဲ့ အရေးပါ ပုံတောင် သိတောင် မသိကြဘူး ထင်တယ် ” ဟု ဆဲန်ပိုင်းဂျာနယ် တာဝန်ခံ အယ်ဒီတာ စိုင်းဇင်က မှတ်ချက်ပြု ပြောဆို သည်။
ယင်းအပြင် သျှမ်း တိုင်းရင်းသား များနေထိုင်ရာ အခြား ဒေသများ ဖြစ်သည့် စစ်ကိုင်းတိုင်း အထက်ပိုင်း ၊ ကချင် ပြည်နယ် စသည့် ဒေသများတွင် လည်း သျှမ်း လူထု အခြေပြု အဖွဲ့စည်းများ အနေဖြင့် ရွေးကောက်ပွဲ ဆိုင်ရာ လှုပ်ရှားမှု များမှာ အလွန်နည်းပါး နေကြောင်းလည်း သိရသည်။
တိုင်းရင်း မီဒီယာ များဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတကာ မြန်မာ သတင်းဌာန BNI မှ စိုင်းလိတ် က ' သျှမ်း CBO တွေ အနေနဲ့ လာမဲ့ ရွေးကောက်ပွဲ နဲ့ပတ်သက်ပြီး တော်တော်လေး ငြိမ်သက် နေကြတယ်။
သျှမ်း တိုင်းရင်းသား တွေနေထိုင်တဲ့ ဒေသတွေ အားလုံးမှာ သျှမ်းပြည်သူ တွေရွေးကောက် ပွဲမှာ ဘယ်လို မဲပေးသင့် သလဲဆိုတာကို သေသေ ချာချာ သိအောင် အတွက် ပညာပေးမှု အစီအ စဉ်တွေ လုပ်ဆောင်ပေးသင့်တယ် ။ လာမဲ့ ရွေးကောက်ပွဲဟာ သိပ်အရေးကြီး တယ် ။ ဒါကို အားလုံး နားလည် ထားဖို့လိုတယ် ။ ' ဟု ပြောသည်။
ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဌ သူရဦး ရွှေမန်းနှင့် မဟာမိတ် ဖွဲ့မည်ဟု တစ်ပြေးနေသည့် အင်အားကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် သျှမ်းပြည်နယ် အတွင်း မြန်မာစကား မပြောသည့် နေရာဒေသ များတွင်ပါဝင် ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင် နေသည့် အတွက် သျှမ်းပြည်နယ် အတွင်း မဲဆန္ဒနယ်များ မှာ ပြင်းပြင်း ထန်ထန် ဖြစ်လာဖွယ် ရှိနေကြောင်း အကဲခတ်များက သုံးသပ်ကြသည်။
Tags: News, politic


