NCA တွင် အားလုံး ပါဝင်နိုင်ဖို့ သမ္မတထံသို့ တိုင်းရင်းသား ခေါင်းဆောင်များ တောင်းဆိုမည်
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ အစည်းများ၏ ထိပ်သီး ခေါင်းဆောင်များက နိုင်ငံတော် သမ္မတ ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ နှင့် တွေ့ဆုံလျှင် မကြာမီ ဖြစ်ပေါ်လာမည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပွဲသို့ အားလုံး ပါဝင် နိုင်ရေးအတွက် တောင်းဆိုသွား မည်ဟု ပြောရေး ဆိုခွင့်ရှိသူ ဗဒိုစော ကွယ်ထူးဝင်းက ပြောသည်။
၂၀၁၅ ဩဂတ်စ် ၂၁ မှ ၂၄ ရက် နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပသည့် ၄ ရက်ကြာ ထိပ်သီး အစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၁၇ ဖွဲ့အနက် ၁၅ ဖွဲ့ တက်ရောက်ကြောင်း ၊ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး NCA တွင် အားလုံး ပါဝင်ရေးမူ အတွက် နိုင်ငံတော် သမ္မတ ၊ တပ်မတော် ကာကွယ်ရေး ဦးချုပ် တို့ နှင့် တွေ့ဆုံလျှင် ဆွေးနွေး ညှိနိုင်း သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေငြာသွားသည်။
“အကုန်လုံး ပါဝင်တဲ့ မူကိုတော့ ကျနော်တို့ တင်ပြမယ် ၊ အစိုးရ ဘက်က မူအရ လက်ခံ နိုင်မယ်ဆိုရင် ကျနော်တို့ ဆက်လက် ညှိနှိုင်းမယ်။ မပါဝင်နိုင် တဲ့အဖွဲ့ အစည်းဆိုရင်လဲ ကျနော်တို့ တင်ပြထား သလိုပေါ့ ၊ နိုင်ငံရေး အရ ၊ စစ်ရေး အရ အာမခံချက် ရဖို့အတွက် သူတို့လဲ အဆင့်ဆင့် ပါဝင်လာနိုင်ဖို့ ကျနော်တို့ ဆုံးဖြတ် ထားတယ်” - ဟု ပြောရေး ဆိုခွင့်ရှိသူ ဗဒိုစော ကွယ်ထူးဝင်း ကပြောသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် တို့အား ထိပ်သီး ၅ ဖွဲ့ဖြစ်သည့် ကရင် အမျိုးသား အစည်းအရုံး KNU, ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP, ကချင်လွတ် လပ်ရေးအဖွဲ့ KIO, မွန်ပြည်သစ် ပါတီ NMSP, သျှမ်းပြည် တိုးတက်ရေး ပါတီ SSPP တို့မှ ခေါင်းဆောင် ၅ ဦး နှင့် အဆင့်မြင့် ဆွေးနွေး ညှိနိုင်းရေး ကိုယ် စားလှယ် SD မှ ထိပ်ပိုင်း ခေါင်းဆောင် ၃ ဦးဖြစ်သည့် ဥက္ကဌ နော်ဇီဖိုးရာစိန် ၊ အန်ဘန်းလ နှင့် ပူးဇင်ကျုံး တို့ နေပြည်တော်၌ သွားရောက် တွေ့ဆုံမည် ဖြစ်ကြောင်း ၊ တွေ့ဆုံမည့်ရက် အတိအကျ မသတ်မှတ် ရသေးကြောင်း သိရသည်။
ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေး အား ၄ ရက်ကြာ ကျင်းပ ပြီးစီးသွား သော်လည်း ဩဂတ်စ် ၂၅ ရက်နေ့တွင် အဆင့်မြင့် ဆွေးနွေး ညှိနိုင်းရေး ကိုယ်စားလှယ် SD အဖွဲ့ဝင် လူကြီးမင်းများ ဆက်လက်ဆွေးနွေး မည်ဖြစ် ကြောင်း ၊ ရန်ကုန်မှ လာမည့် MPC မြန်မာ ငြိမ်းချမ်းရေး စင်တာမှ ကိုယ်စား လှယ်တော်ကြီး များနှင့်လည်း နိုင်ငံသမ္မတ ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့နှင့် တွေ့ဆုံရေး အစီအစဉ်အတွက် ထပ်မံ တွေ့ဆုံ ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ကြားသိရပါသည်။
Tags: News, politic


