DVB ရေဒီယိုမှ သျှမ်း တိုင်းရင်းသား ဘာသာအစီအစဉ်မှူး နန်းမွေငင်း ကွယ်လွန်



ယခင်က DVB ရေဒီယိုမှ ဗုဒ္ဓဟူးနေ့တိုင်း စီစဉ် ထုတ်လွှင့်ပေးသည့် သျှမ်း တိုင်းရင်းသား ဘာသာအစီအစဉ်မှူး နန်းယွက်လောင်ဝ်ခမ်း ခေါ် နန်းမွေငင်း အသက် ၅၄ နှစ်သည်  ရင်သားကင်ဆာ ရောဂါဖြင့်  ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ကွယ်လွန်သွားသည် ဖြစ်ရာ သြဂတ်စ်လ ၁၆ ရက် တနင်္ဂနွေနေ့တွင် မီးသဂြိုဟ်မည် ဖြစ်ပါသည်။


" သြဂတ်စ်လ ၁၂ ရက်နေ့က ထိုင်း နိုင်ငံ ချင်းမိုင်မြို့ ဆွန်ဒေါက် ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။ ကြွင်းကျန်ရုပ်အလောင်းကို ချင်းမိုင်မြို့ ၀ပ်ကူ တောက် ရှမ်းဘုန်းကြီးကျောင်းမှာ ထားရှိပါတယ်။ သြဂတ်စ်လ ၁၆ ရက်နေ့ ကျရင် ဆန်တိထမ်း သချိုင်္င်းမှာ မီးသဂြိုဟ်မှာ ဖြစ်ပါတယ်။ "- ဟု ဆွေမျိုးတော်စပ်သူ စိုင်းခေးက ပြောသည်။


နန်းမွေငင်းသည်  DVB မှထုတ်လွှင့်သော မြန်မာဘာသာပိုင်း တိုင်းရင်းသားဘာသာ အစီအစဉ်တွင် သျှမ်းပြည်တွင်း ဖြစ်ပျက်နေသော နိုင်ငံရေး ၊ စစ်ရေး ၊ လူ့အခွင့်အရေး အစရှိ သတင်းများကို ထုတ်လွှင့် တင်ဆက်သည့် အစီအစဉ်မှူးအဖြစ် ၁၀ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။


"ကျနော်တို့ ငယ်ငယ်ကတည်းက ဗုဒ္ဓဟူးနေ့တိုင်း အမြဲတမ်း နားထောင်လာခဲ့တဲ့ ဆိန်တိုင်းနောဝေး ဆိုတဲ့ သျှမ်းဘာသာ စကားနဲ့တင်ဆက်တဲ့ သတင်း အစီအစဉ် ပေါ့ဗျာ။ ကျနော်တို့လို အဘက်ဘက်မှာ အခွင့်အလမ်းနည်းပါးတဲ့ ကျေးလက်တော ရွာကလူတွေအတွက် တကယ်ကို အကျိုးရှိတဲ့ သတင်းအစီအစဉ်ပါ။  ကျနော်တို့ အဲ့ဒီအချိန် ကတည်းက နန်းမွေငင်းနဲ့ စိုင်းမွမ်းခေး ဆိုတာကိုသိခဲ့ပါတယ်။


အခု ဒီဗီဘီ ကရေဒီယိုလိုင်း ရုတ်ချည်း ရပ်နား ထားလိုက်တော့ နားထောင်သူ ပရိသတ် တွေအတွက် အထူး စိတ်ထိခိုက် ရတာပေါ့ဗျာ။ မြို့နဲ့တော  တောနဲ့မြို့ ခေတ်မှီဖွံ့ဖြိုးမှုက တန်းတူမှ မဟုတ်သေးတာ"- ဟု ချင်းမိုင်ရောက် သျှမ်းဘာသာ ဒီဗီဘီ သတင်းအစီအစဉ် ၏ ပရိသတ် တဦးဖြစ်သည့် လားရှိုးမြို့နယ်မှ  စိုင်းပွင့်က ပြောသည်။


နန်းယွက်လောင်ခမ်းသည် ငယ်စဉ် အထက်တန်း ကျောင်းသူ ဘဝကလည်း သျှမ်းစာပေ တတ်မြောက်ရေး မ - ဟာ့တို စီမံကိန်းဖြင့် သျှမ်းပြည် တောင်ပိုင်း ကျေးလက်တောရွာများရှိ စာပေ တတ်မြောက်ရေး အခွင့်အလမ်းနည်းပါသူ ကလေးသူငယ်များအား စေတနာ့ ဝန်ထမ်းအဖြစ် သျှမ်းစာ သွားရောက် သင်ကြားပေးခဲ့သည့် ဆရာမ လည်းဖြစ်ပါသည်။


စာပေ သင်ကြားရေး အတွက်ရောက်ရှိရာ မြို့နယ် အသီးသီးက သျှမ်းစာပေ ယဉ်ကျေးမှု အဖွဲ့အတွင်းအား တက်သရော အမျိုးသားရေးအတွက် ၀င်ရောက် လှုပ်ရှားခဲ့သည်။


နန်းယွက်လောင်ခမ်း ခေါ် နန်းမွေငင်း၏  မွေးရပ်ဇာတိ မှာ သျှမ်းပြည် အရှေ့ပိုင်း မိုင်းဟန်မြို့နယ် ဖြစ်ပါသည်။ မွေးချင်း ရ ဦးအနက် ၃ ယောက်မြောက် သမီးကြီး ဖြစ်ပါသည်။


နန်းမွေငင်းသည် သျှမ်းသံတော်ဆင့် သတင်းဌာန၏ သျှမ်းဘာသာသတင်း ၀က်ပ်ဆိုက် စာမျက်နှာ စတင်တည်ထောင်သူ ၊ သျှမ်းဘာသာပိုင်း အယ်ဒီတာလည်းဖြစ်  ချင်းမိုင်မြို့ သျှမ်းစာပေ ယဉ်ကျေးမှုအသင်း ဥက္ကဌအဖြစ်လည်း တာဝန်ထမ်း ဆောင်နေသည့် စိုင်းဆိုင်ယ ၏ ဇနီးဖြစ်ပါသည်။


DVB မှ မြန်မာ ဘာသာပိုင်းရော တိုင်းရင်းသား ဘာသာပိုင်းဆိုင်ရာပါ ရေဒီယို သတင်း ထုတ်လွှင့်မှုကို ပြီးခဲ့သည့် ၂၀၁၄ နိုဝင်ဘာလက ရပ်နားလိုက်ပါသည်။ 




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates