RCSS နှင့် ကရင် လက်နက်ကိုင် တပ် ၃ ခုတို့ NCA လက်မှတ် ရေးထိုးတော့မည်



သျှမ်းပြည် တပ်မတော် RCSS/SSA က ကရင်လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသည့် KNU, DKBA နှင့် KNU/KNLA (PC) တို့သည် အစိုးရနှင့် တတိုင်းပြည်လုံး အပစ်ခတ် ရပ်စဲရေး NCA လက်မှတ်ရေးထိုးကြမည် ဖြစ်ကြောင်း ယနေ့ ဩဂတ်စ် ၁၆ ရက်နေ့ ရက်စွဲဖြင့် ပူးတွဲကြေငြာချက် ထုတ်ပြန်သည်။


မိမိ လူမျိုး အခွင့်အရေး ကာကွယ်ရန် လက်နက်များကို ဆက်လက်စွဲကိုင်ထားရေး ၊ မတရားအသင်း ၁၇ /၁ စာရင်းမှ ပယ်ဖျက်ရေး ၊ နိုင်ငံရေး ဆွေးနွေး နေစဉ်အတွင်း ဖြစ်ပွားလာနိုင်မည့် ပဋိပက္ခများ ကြိုတင်ကာကွယ် နိုင်စေရေး ၊ လူထု အကျိုး ပြုလုပ်ငန်းများ လုပ်ဆောင်နိုင်ရေး စသည့် မျှော်လင့်ချက်များဖြင့် တတိုင်းပြည်လုံး အပစ်ခတ်ရပ်စဲရေး NCA လက်မှတ်ရေး ထိုးမည်ဟု သျှမ်းပြည် တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလှက သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ပြော သည်။


“လက်မှတ်ရေးဖိုးဖို့ သမ္မတကနေ ဖိတ်လာတာ ကျနော်တို့ အကောင်းမြင်တယ်။ လက်ခံတယ်။ လက်မှတ်ရေးဖို့လဲ ကျနော်တို့ သဘောတူ ဆုံးဖြတ်လိုက်ပြီ။ ပါဝင်လာဖို့ လက်ခံခြင်း မပြုသေးတဲ့ အဖွဲ့ ၆ ဖွဲ့တွေ ပါဝင်လာနိုင်ဖို့ ၊ လက်မှတ် ရေးထိုးဖို့ မဆုံးဖြတ်ရသေးတဲ့ အဖွဲ့တွေ လက်မှတ်ရေးထိုး လာနိုင်ဖို့လဲ ကျနော်တို့ တတ်အားသမျှ ပူးပေါင်း ဆောင်ရွက် သွားပါ့မယ်” - ဟု ဗိုလ်မှူးကြီး စိုင်းလှက ပြောသည်။


သျှမ်းပြည် တပ်မတော် RCSS/SSA ၊ ကရင် လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသည့် KNU, DKBA နှင့် KNU/KNLA (PC) တို့၏ ခေါင်းဆောင်များသည် ယနေ့ ဩဂတ်စ် ၁၇ ရက်တွင် တွေ့ဆုံဆွေးနွေးကာ အစိုးရနှင့် တတိုင်းပြည်လုံး အပစ် အခတ် ရပ်စဲရေး NCA လက်မှတ် ရေးထိုးရေးအတွက် သဘောတူ ဆုံးဖြတ်ကာ ပူးတွဲ ထုတ်ပြန် ကြေငြာချက် တစောင် ထုတ်ပြန်ခဲ့သည်။


၎င်းတို့ ၄ ဖွဲ့သည် ပြီးခဲ့သည့် ပြည်ထောင်စုနေ့ ၁၂ ၊ ၂ ၊ ၂၀၁၅ က အမျိုးသား ပြန်လည် သင့်မြတ်ရေး ၊ ငြိမ်းချမ်းရေးတို့ အတွက် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူ စာချုပ် လက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့များ ဖြစ်ကြသည်။








 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates