ငြိမ်းချမ်းရေး အတွက် ရန်ကုန်တွင် အကြိတ်အနယ် ဆွေးနွေးနေချိန် SSPP/SSA တပ်စခန်းအား အစိုးရတပ် တိုက်ခိုက် ရွာအတွင်း လက်နက်ကြီး နှစ်လုံးကျ



တနိုင်ငံလုံး အပစ်အခတ် ရပ်စဲနိုင်ရေး အတွက် ၉ ကြိမ်မြောက် ဆွေးနွေးပွဲအား ရန်ကုန်မြို့၌ ဒုတိယနေ့ အဖြစ် အကြိတ်အနယ် ဆွေးနွေးနေချိန် မိုင်းရှူးမြို့နယ် အတွင်းရှိ သျှမ်းပြည် တပ်မတော် တပ်စခန်းအား အစိုးရတပ်မှ ယနေ့ ဩဂတ်စ် ၇ ရက်တွင် နှစ်ကြိမ်ထက်မနည်း တိုက်ခိုက်သည် ဟုသိရသည်။


သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့နယ် သျှမ်းပြည် တိုးတက်ရေးပါတီ သျှမ်းပြည် တပ်မတော်၏ ဝမ့်ဟိုင်းဌာနချုပ် လမ်းခွဲအနီးရှိ ၎င်းတို့၏ ကျူလွယ်မောက်ခမ်း တပ်စခန်းအား အစိုးရတပ်မတော်မှ  နံနက် ၉ နာရီတွင် တကြိမ်၊ မွန်းတည့်ချိန်တွင် တကြိမ် ပစ်ခတ် တိုက်ခိုက်သည်ဟု ရန်ကုန်ရောက် ငြိမ်းချမ်းရေး ကိုယ်စားလှယ် သျှမ်းပြည်တပ်မတော် အရာရှိက သျှမ်းသံတော်ဆင့်သို့ ပြောသည်။


“လမ်းခွဲရွာထဲကို လက်နက်ကြီးနဲ့ ပစ်တယ်။ ၁၀၅ မမ အမျိုးအစားလေ။ အင်အား ၆၀ ကျော်က ကျနော်တို့ တပ်စခန်းကို တက်တိုက်ရင်း တိုက်ပွဲဖြစ်သွားတာ။ အဲဒါနဲ့ သူတို့ တပ်စခန်းကနေ လက်နက်ကြီးနဲ့ထုတော့တာ။ ရွာကို တမင်သက်သက် မပစ်ရင် အဲဒီ့ဘက်မကျနိုင်လောက်ဘူး”- ဟု မိုင်းရှူးရောက် ရှေ့တန်းတပ်မှူး တဦးက ပြောသည်။


ယခုဖြစ်ပွားသော တိုက်ပွဲကြောင့် နှစ်ဘက်အသေအကျ မသိရသေးကြောင်း၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ခိုလမ်မှလည်း အင်အားဖြည့်ရန် ထပ်လာနေကြောင်း မိုင်းရှူး ခရီးသွားတဦး ဖြစ်သည့် စိုင်းမောက် ကပြောသည်။


ယခုဖြစ်ပွားသော တိုက်ပွဲသည် သျှမ်းပြည်တပ်မတော် SSPP/SSA အား ဖိအားတစုံတရာပေးဖို့ ဖြစ်နိုင်ကြောင်း၊ မည်သို့ပင်ဆိုစေ အဆိုပါကိစ္စအား ငြိမ်းချမ်းရေး ဆွေးပွဲအတွင်း တင်ပြ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သျှမ်းပြည်တပ်မတော် ဌာနချုပ် အရာရှိတဦးက ပြောသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates