အပစ်ရပ် မူကြမ်း စာချုပ် အချောသတ် နိုင်ခဲ့သော်လည်း ပါဝင်လက်မှတ် ရေးထိုးရမည့် အဖွဲ့များ ကိစ္စ မပြေလည်သေး



၂ ရက်ကြာ ကျင်းပခဲ့သည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ နှစ်ဘက် ပူးတွဲ ရေးဆွဲထားသည့် အပစ်ခတ်ရပ်စဲရေး စာချုပ် မူကြမ်းကို အချောသတ်နိုင် ခဲ့သော်လည်း ပါဝင်လက်မှတ် ရေးထိုးရမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိစ္စမှာ ညှိနှိုင်းမရ ဖြစ်နေဆဲ ဖြစ်ကြောင်း နှစ်ဘက် တာဝန်ရှိသူများထံမှ သိရသည်။


"ကျနော် တို့ အနေနဲ့ ၉ ကြိမ်မြောက် အစည်းဝေးမှာ စာချုပ်ကတော့ မူချောအဖြစ် အပြီးသတ်နိုင်ခဲ့ပြီ။ ဒါပေမဲ့ ဘယ်အဖွဲ့တွေ ပါဝင် လက်မှတ် ရေးထိုးရမလဲဆိုတဲ့နေရာမှာ ထစ်ငေါ့မှုလေးတွေ ရှိနေတဲ့ အတွက် ကျနော်တို့ အဖွဲ့နဲ့တင် မပြတ်နိုင်သေးပါဘူး။''  ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဘက်မှ အဆင့်မြင့် ကိုယ်စားလှယ် SD အဖွဲ့မှ ဒုတိယ အဖွဲ့ခေါင်းဆောင် ဒေါက်တာလဂျာက ပြောသည်။


တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဘက်မှ ကိုင်စွဲထားသည့် အားလုံး ပါဝင်ရေးမူနှင့် အစိုးရမှ လက်မှတ် ရေးထိုးရန် သတ်မှတ်ထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အရေအတွက်မှာ ကွာခြားမှု ရှိနေသဖြင့် ယင်းကိစ္စအား ဆွေးနွေးရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ထိပ်သီး ခေါင်းဆောင်များနှင့် သမ္မတတို့ တွေ့ဆုံ ဆွေးနွေး ကြဦးမည် ဖြစ်ကြောင်းလည်း နှစ်ဘက်တာဝန်ရှိ သူများထံမှ သိရသည်။


အစိုးရမှ လက်မှတ်ရေးထိုးရန် သတ်မှတ်ထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ရှိနေပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဘက်ကမူ ကိုးကန့် ၊ တအာင်းပလောင် ၊  အေအေ ရခိုင် စသည့် အဖွဲ့များအပါဝင် ယခင်အန်စီစီတီတွင် ပါဝင်ခဲ့သည့် အဖွဲ့ ၁၆ ဖွဲ့စလုံးပါဝင် လက်မှတ် ရေးထိုးရေးမူကို စွဲကိုင်ထားသည်။


တနိုင်ငံလုံး အတိုင်းအတာဖြင့် ရေတွက်ကြည့်ပါက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့မှာ ၂၁ ဖွဲ့ရှိနေသည်။


နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး NCCT အဖွဲ့ဝင် ၁၆ ဖွဲ့မှာ ကေအိုင်အို ၊ တအာင်းပလောင် ၊ သျှမ်းမြောက် SSPP /SSA၊ ကိုးကန့် MNDAA ၊ ရခိုင် AA  ၊ ကရင်နီ KNPP ၊ KNU ကရင်အမျိုးသားအစည်းရုံး ၊ DKBA  ကလိုထူးဘော ၊ ကရင်ငြိမ်းကောင်စီ PC ၊ NMSP မွန်ပြည်သစ်ပါတီ ၊ LDU ၊ WNO ၊ANC ၊ CNF ၊ PNLO ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ၊ ရခိုင်လွတ်မြောက်ရေးပါတီ ALP တို့ဖြစ်ကြသည်။


အစိုးရဘက်မှမူ NCCT  ၁၆ ဖွဲ့ထဲမှ ကိုးကန့် ၊ အေအေရခိုင် ၊ တအာင်းပလောင် ၊ LDU ၊ WNO ၊ ANC တို့ကို လက်မှတ် ရေးထိုးဘက်အဖြစ် သတ်မှတ်ရခြင်း မရှိသေးပေ။ ယင်းအပြင် NCCT အဖွဲ့ဝင်မဟုတ် သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှာလည်း ၅ ဖွဲ့ခန့်ရှိပါသည်။  ယင်းတို့မှာ UWSA ၀ တပ်ဖွဲ့ ၊ မိုင်းလား ၊ ကျောင်းသားတပ်ဖွဲ့ ABSDF ၊ NSCN -K ၊နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ဖြစ်ကြပြီး အဆိုပါ လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့စလုံးမှာ လက်မှတ် ထိုးဘက်အဖြစ် သတ်မှတ်ခြင်း ခံထားရသည်။


"ကျနော့ အနေနဲ့ အားလုံး အတတ်နိုင်ဆုံး ကြိုးစားကြတာပဲလို့ ခံယူတယ်။ ဘာပဲပြောပြော စာချုပ်က တော့ ပြီးသွားပြီ။ ပြည်သူ ကိုလည်း ချပြဖို့လည်း သဘောတူနိုင်ခဲ့တယ်။ လက်မှတ်ရေးထိုးဖို့ ကိစ္စရပ် တွေမှာ ပြေလည် ကြပါစေလို့လည်း ဆုတောင်းပေးပါတယ် "ဟု အစိုးရ၏ ပြည်ထောင်စုငြိမ်း ချမ်း ရေးဖော်ဆောင်မှု လုပ်ငန်း ကော်မတီမှ ဒုတိယ ဥက္ကဌ ဦးအောင်မင်းက ဆွေးနွေးပွဲ နှုတ်ဆက်မိန့်ခွန်း ပြောဆိုရာတွင် ပြောသည်။


ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာ ငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင်ရေး ဗဟိုဌာနတွင် ကျင်းပခဲ့သည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ၉ ကြိမ်မြောက် ဆွေးနွေးမှုမှ အပစ်ရပ်စာချုပ်တွင် သဘောတူရန် ကျန်ရှိနေသည့် နိုင်ငံတကာ သက်သေများကိစ္စ ၊ တာဝန်ခံ လက်မှတ်ထိုး မည့်ကိစ္စ ၊ လူံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်းနှင့် လက်နက်ကိုင် တပ်ဖွဲ့များ ပြုပြင်ပြောင်းလဲရေး DDR SSR တို့နှင့် ပတ်သက်၍ သဘောတူညီနိုင်ခဲ့သည်။


လေ့လာသူ အချို့ကမူ ရွေးကောက်ပွဲ နီးကပ်လာပြီ ဖြစ်သဖြင့် အားလုံး ပါဝင်ရေးဆိုသည့်မူမှာ အဆင်ပြေ မှု မရှိနိုင်ပဲ အဆင်ပြေသူ အရင်ထိုး ကျန်သူနောက်မှ ထိုးဆိုသည့် အိုးပင်းဘုတ် စနစ် ကျင့်သုံးလာနိုင်ကြောင်း သုံးသပ်ထားကြသည်။


"အခုက တိုင်းရင်းသား တွေက အကုန်လုံး ထိုးချင်နေတယ်။ နိုင်ငံရဲ့ အစိတ်အပိုင်း တနေရာတဒေသမှာ အပစ်မရပ်ပဲ တိုက်ပွဲ ဖြစ်ကျန်နေမယ် ဆိုရင် ဘယ်လိုလုပ်ငြိမ်းချမ်းတယ်ခေါ်နိုင်မလဲ " ဟု သျှမ်းပြည် တပ်မတော် မြောက်ပိုင်း SSPP/SSA မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး စဝ်ခွန်ဆိုင်က ပြောသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates