မိုင်းတုံမြို့နယ် ၀ တပ်ဖွဲ့နှင့် ဖြစ်ပွားသောပစ်ခတ်မှု စရဖ အရာရှိသေဆုံး
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် အတွင်း မြေယာပြဿနာ အငြင်းပွား မှုကြောင့် တောင်ပိုင်း ၀ တပ်ဖွဲ့ နှင့် စရဖ တို့ ပစ်ခတ်မှုတွင် မိုင်းဆတ်ဆေးရုံ၌ အဆိုပါ စရဖ အရာရှိငယ် သေဆုံးသွားသည်ဟု သိရသည် ။
၂၀၁၅ စက်တင်ဘာ ၂၃ ရက်နေ့ မိုင်းတုံမြို့တောင်ဘက် နားကောင်းမူးကျေးရွာတွင် ခြံမြေ ရောင်းဝယ်မှုပြဿနာ ကြောင့် စရဖ အရာရှိငယ် ညီညီအောင် (ညီညီထွန်း) ဆိုသူ နှင့် ၀ တပ်ဖွဲ့ ဝင်တို့ အငြင်းပွားပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ အဆိုပါ ညတွင် ပင် မိုင်းဆတ်သို့ ပို့ဆောင်ကု၏။ ဝမ်းဗိုက်တွင်ဒဏ်ရာပြင်းထန်စွာရှိသည့်အတွက် မိုင်းဆတ်ဆေးရုံ၌ပင် စက်တင် ဘာ၂၄ ရက်နေ့က သေဆုံးသွားသည်ဟု နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည် ။
“ အဲဒီမြေနေရာက စိုင်း --- ဆိုသူက ဝယ်ယူတယ် ။ တရုတ် လူမျိုးတွေ ဆီကနေ ။ အဲဒီဝယ်ထား တဲ့သူက ပြင်ဆင်ဖို့ သွား လုပ် တော့ ၊ ၀ တပ်ဖွဲ့ ဝင် တွေကလာတားတာ ။ သူတို့ ပိုင်ဆိုင်တဲ့ အိမ်ခြံမြေကွက်ဖြစ်တယ် ။ ဝိုင်းဝန်းဖြေရှင်းပေးဖို့ လာတဲ့ စရဖ က ကြားဝင်ပြောရာကနေ တဘက်တခွန်းပြောတယ် ။ စကားက လဲ သိပ်မပေါက်တော့ ပစ်ခတ်မှုဖြစ်ကြတာ ” - ဟု နားကောင်းမူးဒေသခံ ရပ်မိရပ်ဖတဦး က ပြောသည် ။
သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ အဆိုပါ ပစ်ခတ်ခံရသည့် ၀ အရာရှိငယ် လည်း ယမန်နေ့က ပင်သေဆုံး သွားသည်ဟုဆိုသည် ။
ယခုဖြစ်ပွားသည့် ကိစ္စသည် ကိုယ်ရေးကိုယ်တာ ကိစ္စသာဖြစ်ကြောင်း ၊ ၀ ပြည်သွေးစည်းညီညွတ် ရေးတပ်မတော် နှင့် မသက်ဆိုင်ကြောင်း ၀ အရာရှိ တဦးကပြောသည် ။
Tags: General, News


