တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းလဲ ကျေးလက်ဘက် စည်းရုံးရေးမဆင်းဝံ့သေး



သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ်တွင် တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်မည့် သျှမ်းလယ် ယာ စိုက်ပျိုးမှုဖွံ့ ဖြိုးတိုးတက်ရေး Shan Agricultural Development(S.A.D) ဥက္ကဌ စိုင်းစံထွန်း (ခေါ်) စိုင်းဆေဟန် က စည်းရုံးရေးစဆင်းနေပြီဖြစ်သော်လည်း လုံခြုံရေးအရ ကျေးလက်ဒေသဘက်သို့ မဆင်းဝံ့သေး ကြောင်းသိရသည် ။


စိုင်းစံထွန်းသည် တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း အနေဖြင့် လင်းခေးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ တွင် ယှဉ်ပြိုင်မည်ဖြစ်သည် ။  စက်တင်ဘာ ၂၈ ရက်က ဒေသခံလူထုနှင့်စတင်တွေ့ဆုံကာ  အောက်တိုဘာတလလုံး လင်းခေးမြို့နယ်အတွင်း စည်းရုံးရေးဆင်းမည်ဖြစ်ကြောင်း ၊ မြို့တွင်းရပ်ကွက် များတွင်ပိုများပြီး ညပိုင်းလူထုအားလပ်ချိန်မှသာ တွေ့ဆုံမည် ဖြစ်ကြောင်း စိုင်းစံထွန်းက ပြောသည် ။  
 

“ ကျနော် တသီးပုဂ္ဂလ အနေနဲ့ လင်းခေး မဲဆန္ဒနယ်အမှတ် ၁  မှာပြိုင်မယ်လေ။ တကယ့်ကျေးလက်တွေ ဘက် တော့ မသွား ဖြစ်သေးပါဘူး ။ လုံခြုံရေးအတွက်နဲနဲတော့ သွားလာဖို့ အခက်အခဲရှိတယ် ။ ဒါမယ့် ကျေးလက်ဆိုတာက လည်း မဲဆန္ဒရှင်သိပ်မများပါဘူး ။ မြို့တွင်းရပ်ကွက်က ပိုများပါတယ် ။”
 

စိုင်းစံထွန်းသည် ယခင်ကလည်း လင်းခေးမြို့နယ်အတွင်းသာမက မြို့နယ်အသီးသီးမှ တောင်သူလယ် သမား များအားဖိတ်ကြားကာ သဘာဝ ဓါတ်မြေသြဇာလုပ်ပုံလုပ်နည်း ၊ ပျိုးပင်များ အပင်ကြီးများ ပိုးမကျအောင် သဘာဝ နည်းဖြင့် ကာကွယ်နည်းအစရှိသည်တို့ကို သင်တန်းပေးရှင်းလင်းဆွေးနွေး ပြသခဲ့ဖူးပါသည် ။


တောင်သူလယ်သမားများ အရေးကူညီဖြေရှင်းပေးရန် ရွေးကောက်ဝင်ကာ  အခွင့်အရေးတောင်းဆို ပေးဖြစ် ကြောင်း စိုင်းစံထွန်းက ပြောသည် ။


“ ကျနော့ ဆိုင်းဘုတ်တင်ပါတယ် ။ မြို့လယ်က ၁ နေရာ ၀မ့်လုံ တံတားထိပ်နားက ၁ နေရာ ဟွေလိတ်တံတားထိပ် ၁ နေရာ ဝမ်ဟတ်ရွာလယ် ၁ နေရာ ဝမ်တိန်းရွာလယ် ၁ နေရာ အားလုံး ၅ နေရာတင်ထားပါတယ် ။”


စည်းရုံးရေးအတွက် အသုံးစရိတ်မှာလည်း မိမိအိပ်စိုက်ဖြင့်သာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စိုင်းစံထွန်းက ပြောသည် ။


မည်သည့် နိုင်ငံရေး ပါတီမဆို နိုင်ငံရေးကို အဓိကထားပြီး ရွေးကောက်ပွဲ ဝင်ကြသည်ကို တွေ့ရကြောင်း ၊ တောင် သူ လယ်သမားအရေးကို မေ့နေကြကြောင်း ၊ တောင်သူ လယ်သမား ကောင်းစားပါက နိုင်ငံရေး ၊ စီးပွားရေး လည်း ဖွံ့ဖြိုးတိုးတက် မည်မှာမလွဲကြောင်း သျှမ်းလယ်ယာ စိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေး ဥက္ကဌ စိုင်းစံထွန်း ခေါ် စိုင်းဆေဟန် ကပြောသည် ။ လင်းခေးမြို့နယ်တွင် ရွေးကောက်ပွဲ ဝင်မည့် ပါတီများမှာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ( SNDP) ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်( NLD) နှင့် ပြည်ခိုင်ဖြိုးပါတီ တို့ဖြစ်ကြောင်း သိရသည် ။
 




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates