တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ထိပ်သီးအစည်းအဝေး အဆင့်မြင့် ကိုယ်စားလှယ် SD အဖွဲ့ ဖျက်သိမ်း



ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ သုံးရက်ကြာကျင်းပသည့် တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေး တပ်ဖွဲ့များ ထိပ်သီးညီလာခံ၌ အပစ်ခတ် ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေး အဆင့်မြင့် ကိုယ်စား လှယ်အဖွဲ့အားဖျက်သိမ်းကာ NCCT အနေဖြင့်သာ အစိုးရနှင့် ဆက်လက်ဆွေးနွေး သွားမည်ဟု ဆိုသည် ။


စက်တင်ဘာ ၂၈ - ၃၀ ရက်နေ့အထိ ချင်းမိုင်မြို့၌ ကျင်းပသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များထိပ်သီးညီလာခံ အစည်းအဝေးသို့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၁၉ ဖွဲ့ ၊ ကိုယ် စားလှယ် ၇၁ ဦး တက်ရောက်ကြောင်း ၊ ထိုတပ်ဖွဲ့များအနက် ၇ ဖွဲ့က တနိုင်ငံလုံးပစ်ခတ် တိုက် ခိုက်မှုရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုး သဘောတူလိုက်သောကြောင့် အဆင့်မြင့် ကိုယ်စား လှယ်အဖွဲ့ လုပ်ငန်းပြီးဆုံးသွားဖွယ် ဖြစ်ကြောင်း ၊ ထို့ကြောင့် SD အဖွဲ့အား ဖျက်သိမ်းလိုက် ရခြင်းဖြစ်ကြောင်း တက်ရောက်သည့် အဆင့်မြင့်ကိုယ်စားလှယ် တဦးကပြောသည် ။


“ NCA အပစ်ရပ် စာချုပ်ထိုးမယ်ဆိုတဲ့ ၇ ဖွဲ့ထဲမှာ KNU ပါတယ် ။ CNF ပါတယ်ဆိုတော့ SD ရဲ့ ထိပ်ပိုင်းခေါင်းဆောင်သုံးဦးမှာ နော်စီဖိုးရာစိန်နဲ့ ပူးဇင်ကျုံးတို့ပါသွားပြီလေ ။ လုပ်စရာ အလုပ် လဲ မရှိတော့ဘူး ။ သက်တမ်းကုန်သလိုဖြစ်သွားပြီ ” - ဟု အဆိုပါ အရာရှိကပြောသည် ။


NCA လက်မှတ်ထိုးမည့် ၇ ဖွဲ့မှာ ကရင်အဖွဲ့သုံးဖွဲ့ဖြစ်သည့်  KNU / DKBA / KNU-KNLA-PC / ပအိုဝ်း PNLO / ချင်း CNF / ရခိုင်  ALP/ ကျောင်းသား တပ်မတော် ABSDF  တို့ဖြစ်ကြသည် ။ 


သုံးရက်ကြာကျင်းပသည့် ထိပ်သီးအစည်းအဝေးတွင် သမ္မတဦးသိန်းစိန် ၊ ကာချုပ်တို့နှင့်အဖွဲ့ အစည်း အသီးသီးမှတင်ပြချက်များ ၊ သျှမ်း နှင့် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက် ပွဲကိစ္စ ၊ နိုင်ငံရေးဆွေးနွေးရေး ဆိုင်ရာမူဘောင်ကိစ္စ ၊ အပစ်ရပ်သွားသည့်အဖွဲ့များနှင့် အပစ် မရပ် သေးသည့်အဖွဲ့များ ဆက်လက် လက်တွဲလုပ်ဆောင်နိုင်ရေး ကိစ္စရပ်များ ဆွေးနွေး ကြသည်ဟု ဆိုသည် ။


အစည်းအဝေး နောက်ဆုံးနေ့ တွင်လည်း အချက် ၆ ချက်ပါသည့် ထုတ်ပြန်ကြေငြာချက် တစောင်လည်း ထုတ်ပြန်ကြေငြာသည် ။ အဆိုပါကြေငြာချက်တွင် ဒီမိုကရက်တစ် ဖက် ဒရယ်ပြည် ထောင်စု ပေါ်ပေါက်ရေးအတွက် အခန်းကဏ္ဌ အသီးသီးမှ ဆက်လက်တိုက်ပွဲဝင် သွားကြမည်ဆိုသည့် အချက်လည်းပါဝင်သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates