နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးတွင် မိုင်းလား NDAA ပါဝင် လက်မှတ်ရေးထိုးမည် မဟုတ်



အစိုးရမှ အောက်တိုဘာလအတွင်း ပြုလုပ်ရန်စီစဉ်နေသည့် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် မိုင်းလား NDAA အဖွဲ့ အနေဖြင့် ပါဝင်လက်မှတ် ရေးထိုးမည် မဟုတ်ကြောင်း NDAA ၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ဦးကြည်မြင့်က ပြောသည် ။


“ ကျနော်တို့ဘက်က သဘောထားမပြောင်းပါဘူး ၊။ အရင်ကတည်းက ကြေငြာထားတဲ့ အတိုင်းပါပဲ ။ အစိုးရက အားလုံးပါဝင်ရေးကိုလည်း လက်မခံဘူး ။ ကျနော်တို့က လက်မှတ်မထိုးဘုး ။ နိုင်ငံရေး ဆွေးနွေးပွဲကျမှတက်မယ် ”- ဟု ဦးကြည်မြင့်က ပြောသည် ။


မိုင်းလားအဖွဲ့ အနေဖြင့် ၁၉၈၉  ဗမာပြည်ကွန်မြူနစ်ပါတီ လက်အောက်မှ ခွဲထွက်လာပြီးကတည်းက ငြိမ်းချမ်းရေးရယူထားပြီး ဖြစ်သဖြင့် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေးဆိုသည်မှာ ငြိမ်းချမ်း ရေးမှ အောက်ဘက်သို့ ပြန်ဆင်းသလို ဖြစ်နေကြောင်းလည်း မိုင်းလားအဖွဲ့တာဝန်ရှိသူက ဆိုသည် ။


UWSA ၀ တပ်ဖွဲ့နှင့် မိုင်းလားအဖွဲ့တို့အား နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် ပါဝင်ကြရန်အတွက် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီမှ တာဝန်ရှိ သူများသည် စက်တင်ဘာလ ၁၂ ရက်နေ့က ၀ နှင့် မိုင်းလား တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်ခဲ့ကြသည် ။


ဝ နှင့် မိုင်းလားအဖွဲ့တို့ တောင်းခံထားသည့် ပြည်နယ်ကိစ္စနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတို့အတွက် ဆွေးနွေးမှုများမှာ နိုင်ငံရေးဆွေးနွေးပွဲ ရောက်မှသာ ဆွေးနွေးနိုင်မည် ဖြစ်သဖြင့် NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်ကြရန်လိုကြောင့် UPWC ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ဦးသိန်းဇော်မှ သတိပေး ပြောဆိုထားသည် ။


လေ့လာသူများကမူ ၀ ၊ မိုင်းလားတို့အနေဖြင့် ၄င်းတို့၏ မူလ ရထားသည့် အခြေအနေမှာ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးစာချုပ်တွင် ပေးထားသည့် အခြေနေထက် ပိုမို မြင့်မားစွာ ရရှိနေသည့်အတွက် လက်မှတ်ရေးထိုးရန် မဖြစ်နိုင်ဟု ခန့်မှန်းကြသည် ။


“ သူတို့က နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးလို့လည်း ပြောသေးတယ် ။ အခုထိ ကိုးကန့်အပါဝင် အခြား အဖွဲ့တချို့ကို လက်မခံသေးဘူး ။ ဘယ်လိုလုပ်နာမည်က အဓိပ္ပာယ်ရှိမလဲ တချို့နေရာတွေ မှာလည်း ပစ်နေခတ်နေ တိုက်နေတုန်းပဲ ”- ဟု NDAA မိုင်းလားအဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ဦးကြည်မြင့်က မှတ်ချက်ပြုပြောဆိုသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates