ကျောက်မဲရေဘေးသင့်လူထု သောက်သုံးရေအထူးလိုအပ်
စနေနေ့ညက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အတွင်းဖြတ် သန်းစီး ဆင်းသော နမ့်စောင်းငေါဝ်း ချောင်းရေလျှံကာ မြို့တွင်းရပ်ကွက် တော်တော်များများ ရေလွှမ်းခြင်းခံပြီး လက်ရှိတွင် သောက်သုံးရေ အထူးလိုအပ်နေကြောင်း စုံစမ်းသိရှိရသည် ။
“ မိုးသည်းထန်စွာရွာလို့ နမ့်စောင်းငေါဝ်း ချောင်းရေလျှံတယ် ။ ကျောက်မဲမြို့ထဲကို ရေလွှမ်းတယ်။ မိုးကမတိတ်သေးတော့ ရေအကျနှေးတယ် ။ ချောင်းရေတလျှောက်က နေအိမ် ၇၀၀ လောက်ရေ လွှမ်းတယ် ။ ရေတွင်းတွေလည်း ပျက်စီးကုန်တယ် ။ ရေတွင်းရေသုံးလို့မရတော့ သောက်သုံးရေ အထူးလိုအပ်နေတယ်အခု ။ ” ဟု ကျောက်မဲမြို့သား စိုင်းသန်းမောင်က ပြောသည် ။
ကျောက်မဲမြို့ ရပ်ကွက် ၃-၄-၅-၆-၇-၉ တို့တွင် ရေလွှမ်းခြင်းခံရကြောင်း ရပ်ကွက် ၆ တွင် ထိခိုက် ပျက်စီးမှုများကြောင်း ၊ ကန်မိန်းဘုန်းကြီး ကျောင်းခြံစည်းရိုးမှာ ရေနှင့်ပါသွားကြောင်း ၊ သဓမ္မပါလ ကျောင်းတိုက်လည်း အလားတူ အုတ်တံတိုင်း ပြိုကျပျက်စီးကြောင်း ၊ အမက ၁ ကျောင်းဝင်းလည်း အလားတူ အုတ်တံတိုင်း ၁၀ ခန်း ပြိုကျပျက်စီးကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က စိုင်းသန်းမောင်က ပြောသည် ။
အလားတူ မိုင်းတန်ဘက်တွင်လည်း လယ်ယာမြေ ၁၀ ဧကကျော် ပျက်စီးပြီး ရွာသားများ သွားလာ ရေး အတွက် အဓိကဖြစ်သော ကြိုးတံတားမှာ ကျိုးပြတ်သွားသဖြင့် သွားလာရေးခက်ခဲနေ ကြောင်း ဆိုပါသည် ။
“ မိုင်းတန်ဘက်မှာလည်း သောက်သုံးရေ အထူးလိုအပ်တယ် ။ အခု ရေဘေးသင့်လူထုကိုသွားရောက် ကူညီပေးနေတာကတော့ ကျောက်မဲမြို့က ကျေးလက် လူထု ရယ် လူမှု အသင်းအဖွဲ့ရယ် ဘိုးဘွား ရိပ်သာကအဖွဲ့ရယ် နောက်ပြီး ပါတီတွေရယ်ဘဲ ကိုယ့်အားကိုယ်ကိုးပြီးသွားကူနေရတယ်။ ထမင်း ရယ် ကြက်ဥကြော်ရယ် ဘူးထဲထည့်ပြီးတော့ သွားပေးတယ် ။ သူတို့ မီးမွေးလို့မရသေးဘူး ။ ” ဟု ဆိုပါသည် ။
ထိုသို့သော မြစ်ရေလျှံခြင်းရေကဲ့သို့ ယမန်နေ့ကလည်း တကြိမ်ဖြစ်ပွါးခဲ့ဖူးသည်ဟု ဆိုပါသည် ။ မြစ်ရေ ချောင်းရေ မြောင်းရေများအတွင်း ဒိုက်များ အမှိုက်များ ပိတ်ဆို့သည်ကို သက်ဆိုင်ရာများက ရှင်းလင်းခြင်း မပြုသောကြောင့်ထိုသို့ ရေလျှံမှုဖြစ်ပွါးခြင်းဖြစ်သည်ဟု စိုင်းသန်းမောင်က ပြောသည် ။
တဖက်တွင်လည်း ကျောက်မဲမြို့အတွင်း တောတောင်များပေါ်တွင် သစ်တော သစ်ပင်ပြုန်းတီးမှု ကြောင့် တောင်ကျချောင်းရေများကို ထိန်းနိုင်စွမ်းမရှိသဖြင့် လည်း မြို့တွင်းရေလွှမ်းခြင်းခံရသည်ဟု ဒေသခံများက ပြောဆိုနေကြပါသည် ။
Tags: Environment, News


