မိမိကြိုက်ရာပါတီကို မဲပေးရန် ခွန်ထွန်းဦးတိုက်တွန်း



သျှမ်းပြည်မြောက်ပိုင်း စည်းရုံးရေးခရီးစဉ်တွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က လူထုကို အကျိုးပြုမည့်ပါတီကို ရွေးချယ်မဲပေးရန် တိုက်တွန်းလိုက်သည် ။


အောက်တိုဘာလ ၁၃ ရက်နေ့က သိန္နီမြို့ ဝိန်းလျန်အုပ်စုသို့ စည်းရုံးရေးဆင်းစဉ် SNLD ပါတီဥက္ကဌခွန်ထွန်းဦးက ဒေသခံလူထု ၄၀၀ ကျော်အားတွေ့ဆုံပြီး ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည် ။


“ ပါတီအကြောင်းနားလည်အောင်လေ့လာဖို့ ၊ လူထုကိုတကယ် အကျိုးပြုမယ့်ပါတီကို ရွေးပြီးမဲပေးဖို့ ၊ ပါတီစွဲ ပုဂ္ဂိုလ်စွဲမဖြစ်စေဖို့ တိုက်တွန်းတယ် ။ ပြီးတော့ ဖယ်ဒရယ် ၊ ငြိမ်းချမ်းရေး ၊ တန်းတူညီမျှမှုအခွင့်အရေး စတာတွေကိုအဓိကထားပြောဆိုသွားတယ် ။ ” ဟု တက်ရောက်နားထောင်သူ လူငယ် စိုင်းလိတ်က သျှမ်းသံတော်ဆင့်အားပြန် လည်ပြောပြသည် ။


အဆိုပါလူထု တွေ့ဆုံပွဲတွင် မိုးရေများကြားက လူထု ၄၀၀ ကျော်တက်ရောက် နားထောင်ဆွေးနွေးခဲ့ကြသည်ဟု ဆိုပါသည် ။


အဆိုပါတွေ့ဆုံပွဲတွင် ပါတီတွဲဖက်အတွင်းရေးမှူး ၁ စိုင်းလိတ်ကလည်း လူထုအားကတိ ကဝတ်ပေး၍မဲဆွယ်ခြင်းပြုလုပ်သည်မဟုတ် ။ လူထုဆန္ဒနှင့်မိမိတို့တတ်နိုင်သည့်ဘက် မှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တိုင်းရင်းသားအားလုံးတန်းတူညီမျှမှု အတွက် ဖွဲ့စည်းပုံပြင်ဆင်ရန် အဓိကရည်ရွယ်ကြောင်း ပြောဆိုသည် ။


“ ကျနော်တို့ ပါတီက လွှတ်တော်ထဲရောက်သွားရင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်နိုင် သလောက်ပြင်မယ် ။ လူထုကို ဘာလုပ် ပေးမယ် ညာလုပ်ပေးမယ်ဆိုတာကိုတော့ ကတိကဝတ်တော့မပေးဘူး ။ လူထုဖြစ်စေချင်တာကို တတ်နိုင်သလောက်တော့ ကူညီသွားမယ် ။ --- သျှမ်းပြည်မှာရှိတဲ့တိုင်းရင်းသားများအားလုံး တန်းတူညီမျှမှုရဖို့ အတွက်အဓိကပဲ ” ဟု ပြောခွင့်ရ စိုင်းလိတ်က ပြောသည် ။


ဝိန်းလျန်တွင်ပြုလုပ်သည့် ကျားခေါင်းပါတီ၏ လူထုတွေ့ဆုံပွဲတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်လည်း တက်ရောက်သည်ဟုသိရသည် ။


အဆိုပါ နေ့တွင်ပင် SNLD ပါတီက ဟိုပန်မြို့တွင်စည်းရုံးရေးဆင်းရာ  ၀ ၊ ကိုးကန့် ပါတီတို့မှလည်း ပါတီဥက္ကဌ ခွန်ထွန်းဦး နှင့် အဖွဲ့ အား ကြိုဆိုကြကြောင်း ၊ စည်းရုံးရေး ခရီးစဉ်အဆင်ပြေချောမွေ့လျှက်ရှိကြောင်း ပါတီဝင်လူငယ်များက ပြောသည် ။

  




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates