NCA တွင် RCSS ပါဝင်လက်မှတ်ထိုးမည်ဟုကြေငြာချက်ထုတ်ပြန်



သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော်သည် တပြည်လုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း ကြေငြာချက်တစောင် ထုတ်ပြန်လိုက် သည် ။


အချက် ၈ ချက်ပါ  RCSS ၏ ထုတ်ပြန်ကြေငြာချက်တွင် အချက် ၅ ၌  NCA အပေါ်  RCSS/SSA က ထောက်ခံကြိုဆိုကာ အပြန်အလှန်လိုက်နာဆောင်ရွက်သွားရန် သဘောတူညီထောက်ခံသည်-  ဟူ၍ လည်းကောင်း ၊ အချက် နံပတ် ၈ တွင် နိုင်ငံရေးပြဿနာများအား နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအား ရှေးရှုကာ NCA တွင် ပါဝင်လက်မှတ်ရေးထိုးသွားမည် ဟူ၍လည်းကောင်း ပါရှိပါသည် ။


၎င်းနှင့်ပတ်သက်၍ အောက်တိုဘာလ ၈ ရက် မွန်းလွှဲပိုင်းတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော်  RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်ကိုယ်တိုင် သတင်းစာရှင်လင်းပွဲ ပြုလုပ်မည်ဖြစ်သည် ။


အောက်တိုဘာလ ၄ ရက်နေ့က ရန်ကုန်မြို့တွင်  ပြုလုပ်သော အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ဆွေးနွေးပွဲတွင်  NCA အပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးမည့်နေ့ရက်နှင့် နေရာသတ်မှတ် နိုင်ဖို့  ဆွေးနွေးကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် ဦးခွန်စိုင်းက ပြောသည် ။ ထိုအစည်းအဝေးသို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရပါသည် ။


အဆိုပါအစည်းအဝေးမှ RCSS/SSA အနေဖြင့် ပါဝင်လက်မှတ်ထိုးမည် / မထိုးမည်ကို အဆုံးအဖြတ်မပေးနိုင် ကြောင်း ၊ အောက်တိုဘာ ရ ရက်  RCSS ဗဟိုကော်မတီ အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်ချက်အရ NCA လက်မှတ်ရေးထိုးရန် သဘောတူခဲ့ကြခြင်းဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးစိုင်းလှက ဗီအိုအေ သတင်းဌာနတွင် ဖြေကြားထားသည် ။


တပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျင်းပမည်ဟုလည်း သတင်းများ ထွက်နေပါသည် ။


NCA လက်မှတ်ရေးထိုးမည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များမှာ ကရင်အမျိုး သားအစည်းရုံး KNU ၊ ဒီကေဘီအေ DKBA ၊ ကရင်ငြိမ်းကောင်စီ KNLA-PC ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကျောင်းသားအဖွဲ့ ABSDF ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ၊ ရခိုင်လွတ်မြောက်ရေးပါတီ ALP နှင့်  သျှမ်းပြည်တပ်မတော် RCSS/SSA တို့ ဖြစ်ပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates