အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် KIA နှင့် SSA မြောက်ပိုင်းအား ထိုးစစ်ဆင်နေမှု ရပ်ဆိုင်းပေးရန် ကျားခေါင်းပါတီ တောင်းဆို



အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရှေးရှုသောအားဖြင့်  ကေအိုင်အေ နှင့် သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတို့အား အစိုးရ စစ်တပ်မှ ထိုးစစ်ဆင်နေမှုများ ရပ်ဆိုင်းပေးရန်အတွက် ကျားခေါင်းခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ကြေငြာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါသည် ။


အောက်တိုဘာလ ၈ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သော အဆိုပါကြေငြာချက်တွင် နိုင်ငံလုံး ဆိုင်ရာအပစ်ခတ်ရပ်စဲရေးအတွက် ဆွေးနွေးဆဲအဆင့်တွင်သာရှိနေသာ ကေအိုင်အေနှင့် သျှမ်း ပြည်တပ်မတော် မြောက်ပိုင်းတို့အား ထူးခြားဖြစ်စဉ်မရှိပဲ ထိုးစစ်ဆင်နေသည်ဟု ကြေငြာချက်တွင် ဖော်ပြပါရှိသည် ။


နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲဖို့အတွက် အန်စီအေ စဖို့ တိုင်းရင်းသားတွေ ဘက်က တောင်းဆိုခဲ့ တာပဲ ။ အခုလည်း ပျက်သွားတာ မဟုတ်သေးဘူး ။ အဆင်သင့်ဖြစ်တဲ့ အဖွဲ့ နဲ့ အဆင်သင့် မဖြစ်တဲ့ အဖွဲ့ဆိုပြီး ရှိနေတာ ။ ဒီလို အချိန်မျိုးမှာ ရမယ်ရှာပြီး ထိုးစစ်ဆင်နေတာက တော်တော်လေးကို ဆိုးဝါးတယ် ။ အတင်းအကျပ်လုပ်ယူနေတဲ့ သဘောဖြစ်နေတယ် ။ ဒီလိုနဲ့ ဘယ်လိုလုပ်အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်လာမလဲ - ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောခွင့်ရ စိုင်းလိတ်က ပြောသည် ။


မြန်မာအစိုးရ စစ်တပ်နှင့် သျှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်များအကြား ယခုရက်ပိုင်းတွင် တိုက်ပွဲများ တောက်လျှောက်ဆိုသလို ဖြစ်ပွားခဲ့ပြီး အောက်တိုဘာလ ၆ ရက်နေ့နှင့် ရ ရက်နေ့ တို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများမှာ ပြင်းထန်ခဲ့ပြီး ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်ဟု သျှမ်းပြည် တပ်မတော် မြောက်ပိုင်း SSA/SSPP မှ ထုတ်ပြန်ထားသည် ။


ယခုကဲ့သို့ ရွေးကောက်ပွဲနီးကပ်ချိန်နှင့် NCA ခေါ် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုခါနီးအချိန်တွင် တိုက်ပွဲများ ကြောင့် မလိုလားအပ်သော အဟန့်အတားများ ဖြစ်မလာစေရန်မှာ အလွန် အရေးကြီးသည်ဟု စက်တင်ဘာလ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် SSPP ၏ ကြေငြာချက်တွင် ဖော်ပြထားသည် ။


ကေအိုင်အေ ကချင်လွတ်မြောက်ရေး တပ်မတော်နှင့် အစိုးရ စစ်တပ်တို့အကြားတွင်လည်း မံစီမြို့နယ်နှင့် ဖားကန့် ဒေသတို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး မံစီမြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများ ကြောင့် ဒေသခံ အမြောက်မြားမှာ စစ်ဘေးရှောင် ဒုက္ခသည် စခန်းများတွ င်သွားရောက် ခိုလှုံနေရသည် ။


သျှမ်းပြည်တပ်မတော် မြောက်ပိုင်းနှင့် မိုင်းရှူး မြို့နယ် အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒေသခံ အချို့မှာလည်း ဘေးလွတ်ရာကို သွားရောက်ခိုလှုံနေရကြောင်း သိရသည် ။


ကေအိုင်အေမှာ အစိုးရနှင့်တ ဖွဲ့ချင်းစီအလိုက် အပစ်ခတ်ရပ်စဲမှု ပြုလုပ်ထားခြင်း မရှိသော်လည်း ရှမ်းပြည်တပ်မတော် မြောက်ပိုင်းမှာ ၂၀၁၂ ခုနစ်ကတည်းက ပြည်ထောင်စု အဆင့်အပစ်ခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထားသည်ဟု သိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates