နှစ်ဘက်တပ်များ ဆုတ်နေသည်ဟု ဆိုသော်လည်း မိုင်းရှူးဒေသခံများ စိုးရိမ်ထိပ်လန့်ဆဲ
SSPP/SSA နှင့် အစိုးရစစ်တပ်တို့ကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည့် မိုင်းရှုး မြို့နယ်အတွင်းရှိ နှစ်ဘက်တပ်များ ပြန်လည် ဆုတ်ခွာနေသည်ဟု ဆိုသော်လည်း ဒေသခံများ စိုးရိမ်ထိပ်လန့်နေဆဲ ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသည့် မိုင်းရှူးမြို့ရပ်မိရပ်ဖ ကပြောသည် ။
“ အစိုးရတပ်ဘက်ကလည်း တပ်တချို့ ဆုတ်တယ် ၊ ဆုတ်ပေးတယ်လို့လဲ ကျနော်တို့ကို လှမ်းပြီး အကြောင်းကြားတယ် ။ ကျနော်တို့ဖက်ကလည်း အင်အား ၆၀၀ ကျော် ဆုတ်လိုက်ပြီ ” ဟု SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက ပြောသည် ။
ဒီဇင်ဘာ ၂၃ ရက်နေ့ တွင် မြန်မာအစိုးရတပ်များက ၀မ်ဆော့ရွာမ ကြီးဘက် တပ်ဆုတ်ပြန်မည်ဟု သျှမ်းပြည်တပ်မတော် SSPP/SSA ထံအကြောင်းကြားလာကြောင်း ၊ အဆိုပါဒေသအနီးရှိ SSPP/SSA တပ်များလည်း တိမ်းရှောင်ပေးကြောင်း ၊ သို့သော် ၀မ်ဆော့ရွာအတွင်း အစိုးရတပ်များ ဦးတည်လာသည်ကို မြင်တွေ့သည့် ရွာသူရွာသားများက ထိပ်လန့်ကာ မိုင်းရှူးမြို့သို့ ထပ်မံတိမ်းရှောင် ခဲ့ကြ ကြောင်း SSPP/SSA တပ် နှင့် နီးစပ်သည့် အမည်မဖေါ်လိုသူ မိုင်းရှူးရပ်မိရပ်ဖ ကပြောသည် ။
“ ဆိုင်လျဲန်းထမ်းကျောင်းနဲ့ အောင်ရတနာဟူမ့်ယင် ကျောင်းတိုက်တွေဆီကို ထပ်ရောက်လာတယ် ။ ၀မ်ဆော့ရွာသူရွာသားတွေ ၂၀၀ လောက်ရှိမယ် နှစ်နေရာပေါင်း ။ ထိပ်ထိပ်လန့်လန့်နဲ့ရောက် လာကြတာ ။ ၀မ့်ဟိုင်းကို ဖုန်းဆက်ပြီးမေးကြည့် တယ်။ သူတို့တွေကို ဖြောင်းဖျတယ် ။ ဒါပေမယ့် သူတို့မပြန်ရဲသေးဘူး ”- ဟု ပြောသည် ။
ဒီဇင်ဘာ ၂၃ ရက် ကလည်း ရှေ့သို့အနည်းငယ်ကျွံနေသည့် တပ်တချို့အား ရိက္ခာပို့ရန် အတွက် အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ SSPP/SSA ထံအကြောင်း ကြားလာ သောကြောင့် ခွင့်ပြုပေးခဲ့သည် ဟုအမည်မဖေါ်လို သည့် တာဝန်ရှိ အရာရှိတဦးက ဤကဲ့သို့ပြောသည် ။
“ လွယ်ဖေးတောင်ဖက်ကိုတော့ သူတို့က စစ်ဆေးဖို့ဆိုပြီးမှ ခွင့်တောင်းတယ် ကျနော်တို့ကပေးလို့ မဖြစ်တဲ့ အတွက် အဲ့ဒါတော့ ခွင့်မပြုလိုက်ဘူး ။ ကျန်တာကတော့ အဆင်ပြေပါတယ် ” - ဟု ပြော သည် ။
တပ်ဆုတ်ပြန်မည်ဟုဆိုသည့် အစိုးရတပ်များသည် လက်တွေ့တွင် တပ်ဆုတ်ပြန်ခြင်းမဟုတ်ဘဲ နေရာ ပြန်လည်ချထားခြင်းသာဖြစ်ကြောင်း ၊ မိန်းခန် (တူယား) ရွာတွင် အင်အား ၂၀၀ ခန့်ထပ်မံ ပင်ရောက်ရှိလာကြောင်း ၊ ထို့ကြောင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာမည်ကိုပင် စိုးရိမ်ကြောင်း အမည် မဖေါ်လိုသည့် ဒေသခံ တဦးကပြောသည် ။
တပ်မတော်နှင့် SSPP/SSAတို့ကြား နှစ်လနီးပါးကြာမြင့်သည့် တိုက်ပွဲများကြောင့် ဒေသခံသောင်းနှင့် ချီ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး စစ်ဘေးရှောင် ပြည်သူအများအပြားမှာ နေရပ်မပြန်နိုင်ပဲ ဖြစ်နေပါ သည် ။
Tags: News, War