NCA မထိုးသည့် အဖွဲ့များအား နိုင်ငံရေးဆွေးနွေးပွဲမှာ ဧည့်သည်အဆင့်သာဖိတ်ခြင်းမှာ မျှတမှုမရှိ- ခွန်ထွန်းဦးပြော



နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး NCA တွင် လက်မှတ်ရေးထိုးရန် အဆင်သင့်မဖြစ်သေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား လာမည့်လအတွင်းကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ဧည့်သည်တော် အဆင့်သာ ဖိတ်ကြားထားခြင်းသည် မျှတမှုမရှိဟု သျှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးက ဝေဖန်ပြောဆို လိုက်သည် ။


“ အခုက အကုန်လုံးက မထိုးဘူးငြင်းနေကြတာမှ မဟုတ်တာ ။ အကုန်လုံးပါမှ ထိုးမယ်ဆိုတဲ့ မူကြောင့် ဖြစ်နေ တာပဲ ။ ဒါကို လူကြည့်ကောင်းအောင် ဖိတ်ပြီးမှ လေ့လာသူတို့ ဧည့်သည်တော်အဖြစ်ပဲ ပေးတက်မယ်ဆိုတာတို့က  မျှတမှု မရှိပါဘူး ” ဟုခွန်ထွန်းဦးက ပြောသည် ။


လာမည့် ဂျန္နဝါရီလအတွင်းတွင် သမ္မတ ဦးသိန်းစိန် အစိုးရမှ ဦးဆောင် ကျင်းပမည့် ကိုယ်စားလှယ်ဦးရေ ရ၀၀ တက်ရောက်မည့် နိုင်ငံရေးဆွေးနွေးပွဲတွင် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့များမှာ နိုင်ငံရေးဆွေး နွေးခွင့် မဲပေးဆုံးဖြတ်ပိုင်ခွင့်ရမည်ဖြစ်ပြီး မထိုးရသေးသော အဖွဲ့များမှာမူ အဆိုပါအခွင့်အရေးများ ရရှိမည်မဟုတ်ပေ ။


အင်အားကြီး လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA ၊ သျှမ်းပြည် တပ်မတော် SSPP/SSA ၊ ၀ UWSA ၊ မိုင်းလား NDAA-ESS အပါဝင် ကျန်လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ကို အထူးဧည့်သည်တော် အဖြစ် တက်ရောက်ရန် အစိုးရဘက်က ဖိတ်ကြားထားသည် ။


ယင်းအပြင် တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်သည့် အဆိုပါတပ်များ၏ မဟာမိတ်ဖြစ်သည့် လက်နက်ကိုင်တပ်ဖွဲ့ များဖြစ်သည့် MNDAA ကိုးကန့် နှင့် ရခိုင့်တပ်မတော် တို့ကို ဖိတ်ကြားမည်မဟုတ်ဟု သိရသည် ။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates