ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တောင်ကြီးတွင် အရပ်ဘက် အဖွဲ့အစည်းများဆွေးနွေး
သျှမ်းပြည်နယ်အတွင်း ဖြစ်ပွားလျှက်ရှိသော စစ်ပွဲများရပ်တန့်ရေး ၊ ရေရှည်တည်တံ့၍ ခိုင်မာသော ငြိမ်းချမ်းရေးရရှိနိုင်ရေး အတွက် “ စစ်ပွဲများရပ်တန့်ရေး မှသည်ပြည် တွင်းငြိမ်း ချမ်းရေးဆီသို့ ” ငြိမ်းချမ်းရေးဆိုင်ရာနှီးနှောဖလှယ်ပွဲတစ်ရပ်ကို သျှမ်းပြည်နယ် (တောင်ပိုင်း) လူငယ်ကွန်ယက်အဖွဲ့မှ ဦးဆောင်၍ တောင်ကြီးမြို့ ဟုတ်ကြန့်ခန်းမ၌ ကျင်းပခဲ့ ကြောင်း သိရသည် ။
ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် နိုင်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ချမှတ် နိုင်ရေးနှင့် ပတ်သက်၍ ဒီဇင်ဘာ ၈ ရက်နှင့် ၉ ရက်က အဆိုပါ ငြိမ်းချမ်းရေး နှီးနှောပွဲကျင်းပခဲ့ခြင်း ဖြစ်သည် ။
“ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ပြည်သူတွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင် ခွင့်ရဖို့ကျနော်တို့ တောင်းဆိုခဲ့ တာကြာ ပါပြီ ။ တကယ်တမ်း ဒုက္ခခံနေရတာ ပြည်သူတွေပါ ဒါပေမဲ့ ပြည်သူတွေအနေနဲ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ တစ်စုံတစ်ခု ပါဝင်ခွင့် မရခဲ့ဘူး ။ ကျနော်တို့အနေနဲ့ပြည်သူတွေ ပါဝင်ခွင့် ရအောင် ၊ ပြည်သူတွေအနေနဲ့ လည်းပိုပြီးတော့ ပါဝင်လာနိုင်အောင် ဘယ်လိုလုပ်သင့်လဲ ၊ ဘယ်လိုရှေ့ဆက်ကြမလဲ ဆိုတာကို ဒီပွဲမှာဆွေးနွေး သွားမှာဖြစ်ပါတယ် ” ဟု သျှမ်းပြည်နယ် (တောင်ပိုင်း) လူငယ်ကွန်ယက်အဖွဲ့မှ တာဝန်ခံတစ်ဦးဖြစ်သော ၀င့်ထည်ကောင်းမြတ်က ရှင်းပြသည် ။
“ စစ်ဘေးသင့် ဒေသခံပြည်သူတွေရဲ့ခံစားချက်တွေ ကို လူတွေသိစေချင်လို့ ၊ ဒီအခန်းအနားကို လာတက်တာပါ ။ အစိုးရတပ်နဲ့ SSPP စစ်ပွဲတွေဖြစ်တာ နှစ်လကျော်ပြီ ဒီကြားထဲနှစ်ဖက်စစ်မဖြစ်တာ ၁၀ ရက်ပေါ့ တစ်ချို့ကသူတို့ အိမ်ကိုပြန်သွားကြည့်ကြတယ် ဒါပေမဲ့ မိုင်းရှူးမြို့နယ် ၊ တာ့ဆမ်ပူးမှာ အိမ်ပြန်လာတဲ့ပြည်သူတွေကို အစိုးရတပ်က သေနတ်မိုးပေါ်ထောင်ပြီး ပစ်ပြတော့ လူထုတွေက ကြောက်လန့်ပြီးပြန် ပြေးလာကြတယ် ။ ဟိုင်းပါ ဒုက္ခသည်စခန်းမှာ အရင်က ၁၃၀၀ ကျော်ပဲရှိ တယ် အခု ၁၆၀၀ ကျော်လောက် ပြန်ရောက်နေပြီ ” ဟု စစ်ဘေးဒုက္ခသည် အရေးလိုက်လံ ဆောင်ရွက်နေသူ မိုင်းရှူးဒေသခံ ဒေါ်နန်းကောင်ခမ်း ကပြောသည် ။
သျှမ်းပြည်နယ် (တောင်ပိုင်း) လူငယ်ကွန်ယက်အဖွဲ့မှ ဦးဆောင်၍ သျှမ်းပြည်နယ်အတွင်းရှိ (၁၅) မြို့နယ်နှင့် စင်င်္ကာပူ ၊ ဂျပန်တို့နိုင်ငံတို့တွင် စစ်ပွဲများရပ်တန့်ရေး စုပေါင်းလက်မှတ် ရေးထိုးတောင်းဆိုခြင်း လှုပ်ရှားမှု အား နိုဝင်ဘာလ(၁၁) ရက်နေ့မှစ၍ လက်မှတ်ကောက်ခံခဲ့ရာ လက်မှတ် ပေါင်း တစ်သောင်းကျော်ရရှိပြီး နိုင်ငံတော်သမ္မတ ၊ ကာချုပ် ၊ ဒေါ်အောင် ဆန်းစုကြည်နှင့် UNFC ထံ တင်ပြသွားရန်ရှိသည်ဟု သိရပါသည် ။
မြန်မာနိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားလျှက်ရှိသော စစ်ပွဲများအနက် သျှမ်းပြည်နယ်တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သော စစ်ပွဲ များကြောင့် စစ်ဘေးရှောင် ပြည်သူ တစ်သောင်းကျော်အထိရှိခဲ့ပြီး စစ်ပွဲကြောင့် မူလတန်း / အလယ် တန်းကျောင်း ၁၇ ကျောင်းပိတ်ခဲ့ရသည် ။ စစ်ပွဲအတွင်းအချို့အိမ်ယာများပျက် စီးခဲ့ရပြီး စစ်ရှောင်စခန်းများတွင်မှီတင်း နေထိုင်နေရဆဲဖြစ်သည် ။
Tags: General, News