နမ္မတူမြို့နယ်အတွင်း အစိုးရတပ်နှင့် တအာင်းတပ်တို့တိုက်ပွဲဖြစ် ရွာသားတဦးသေ ၊ ရွာမီးရှို့ခံရ



သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းယင်အုပ်စု  ပန်ကန်းရွာအား အစိုးရတပ်မှ မီးရှို့ဖျက်ဆီးသဖြင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်ပြီး လယ်ယာလုပ်ငန်းခွင်နှင့် နီးသောနေရာတွင် ရပ်ရွာအသစ်တည် ကာ နေထိုင်ရကြောင်း  စုံစမ်းသိရှိရသည် ။

မီးရှို့ခံရ ၀မ့်ပန်ကန်းရွာနှင့် လယ်ယာများတွင်တဲထိုးနေထိုင်ရသည့် ဒေသခံများ၏အခြေအနေ
မီးရှို့ခံရပန်ကန်းရွာမှ ရွာသား ၁၇၀ ကျော်သည် ပန်ကန်းရွာတောင်ဘက် ၁ မိုင်ခန့်အကွာရှိ ကောင်းဆိုင်း တောင်ပေါ်  ဝမ့်စန်းရွာ (ရွာဟောင်း) တွင်  ဒီဇင်ဘာလ ၈ ရက်နေ့က ဘုန်းကြီးကျောင်း ၊ ရပ်ရွာအိုးအိမ်သစ် စတင် ထူထောင်ကာ အခြေချနေထိုင်ကြရသည် ။


“ ကျနော်တို့နေတဲ့ပန်ကန်းရွာကိုအစိုးရတပ်က ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်တုန်းက မီးရှို့လိုက်တာ ။ ဘာပစ္စည်းမှမရလိုက်ဘူး ။ အသက်လုထွက်ပြေးရတယ်လေ ။ မြို့ထဲမှာတော့မနေချင်ဘူး ။ လယ်ယာ လုပ် ငန်းခွင်နဲ့နီးတဲ့ဒီနေရာဘဲနေချင်တယ် ။ အဲ့ကြောင့်တရွာလုံးက ဒီမှာရွာသစ်တည်ဖို့ သဘော တူကြ တာ ။” - ဟု ဝမ့်ပန်ကန်းရွာသား အကြီးအကဲတဦးက ပြောသည် ။


မိုင်းယင်အုပ်စုဝင် အိမ်ခြေ ၃၅ အိမ်ရှိ ပန်ကန်းရွာသားများအား TNLA တအာင်း (ပလောင်) လက်နက် ကိုင်တပ်ဖွဲ့၏ အမာခံရွာဟုဆိုကာ ပြီးခဲ့သည့်လ ၁၄ ရက်ကတကြိမ် ရွာကိုမီးရှို့ခဲ့ကြောင်း ၊  မီးမလောင် ကုန်ဘဲ ကျန်သည့်အိမ်များကိုလည်း နိုဝင်ဘာ ၂၉ ရက် က အစိုးရတပ်ကထပ်မံမီးတင်ရှို့လိုက်ကြောင်း ၊ ထို့အတွက် ရွာသား များမှာ အိမ်ယာမဲ့ကာ တောတောင်သို့ဝင်ရောက် ပုန်းရှောင်ခဲ့ရကြောင်း ရွာသားများပြန်လည်ပြောပြချက်အရ သိရသည် ။


လက်ရှိတွင် ရွာသားများ အထူးလိုအပ်သည်မှာ အိပ်ရာထိုင်ခင်း အဝတ်အစားနှင့်ဆေးဝါး များဖြစ် ကြောင်းသိရသည် ။


“ အစိုးရစစ်ကြောင်းက တပ်မ ၈၈ လို့အကျီမှာတွေ့တယ် ။ အင်အား ၃၀၀ လောက်ရှိတယ် ။ ပလောင် တပ်ဖွဲ့ကိုရှာမလို့တဲ့  လမ်းပြဖို့ ယာတောကပြန်လာချိန်တဲ့ ရွာသား အိုက်လ ကို ပေါ်တာဖမ်း သွား တယ် ။ နိုဝင်ဘာ ၁၃ က ပေါ့ ။ ရွာနဲ့သိပ်မဝေးတဲ့နေရာရောက်ရော ပလောင်တပ်ဖွဲ့ နဲ့ တိုးပြီး တိုက်ပွဲဖြစ်တယ် ။ ဗမာတပ်သား ၄ ယောက် သေတယ်။ အိုက်လလဲ သေ တယ် ။ အဲတာပြီးတာနဲ့ ဗမာစစ်ကြောင်းက နိုဝင်ဘာလ ၁၄ ရက်နဲ့ ၂၉ ရက်မှာ ရွာကိုမီးလာရှို့တာ ။” - ဟု ရွာသား ဦးအိုက်ယီ့ ကပြောသည် ။


အစိုးရ တပ် နှင့် တအာင်း TNLA ကြားတိုက်ပွဲကြောင့်သေဆုံးသည့်ရွာသား စိုင်းလ (အသက် ၃၇) နှစ်တွင် ဇနီးသည်နှင့် တစ်နှစ်ကျော်အရွယ် သမီး လေးတဦး ၊ ၃ နှစ်အရွယ် သားတဦး ကျန်ရစ် ခဲ့သည်ဟုသိရသည် ။


သျှမ်းပြည်မြောက်ပိုင်းတွင် အစိုးရတပ်မှ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား ထိုးစစ်ဆင် တိုက်ခိုက်သောကြောင့် ဒေသခံများ နေရပ်စွန့်ခွါ စစ်ဘေးရှောင်ကြရပါသည် ။

(ယေ့ဆိုင်ကော် - သတင်းပေးပို့သည်)




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates