မိုင်းနောင် - မိုင်းရှူးကြား စစ်ရေးပဋိပက္ခဒေသ အစိုးရတပ်နှင့်SSPP ၂ ဘက်လုံး တပ်ဆုတ်မည်



သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းရှူးမြို့နယ် နှင့် ကျေးသီးမြို့နယ်အတွင်း ဖြစ်ပွားနေသည့် အစိုးရတပ်နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တပ်တို့အကြား စစ်ရေးပဋိပက္ခများ ဖြေရှင်းနိုင်ရေး အတွက် မိုင်းရှူး - မိုင်းနောင် ကားလမ်းတောင်ဘက်ခြမ်း အတွင်းရှိသည့် တပ်များဆုတ်ဖို့ နှစ်ဘက်သ ဘောတူမှုရရှိခဲ့သည်ဟု သိရှိရပါသည် ။


သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရကိုယ်စားလှယ်တို့ ဒီဇင်ဘာ ၇ - ၈ ရက် နေပြည်တော်၌  နှစ်ရက်ကြာတွေ့ဆုံရာ မိုင်းရှူး - မိုင်းနောင် ကားလမ်းတောင်ဘက်ခြမ်းရှိ နှစ်ဘက်တပ်များ ဆုတ်ဖို့ ၊ မိုင်းနောင်မြို့တွင် ဆက်ဆံရေးရုံးဖွင့်လှစ်ဖို့ ၊ သဘောတူကြသည်ဟု ဌာနချုပ် အရာရှိ တဦးက ပြောသည် ။


“ နိုဝင်ဘာ ၂၃-၂၄ တွေ့ဆုံတုန်းက မူအရ သဘောတူထားတဲ့ အချက် ၆ က အမှတ် ၂ (ဂ) က ကျနော်တို့တပ်တွေ မြောက်ဘက်ခြမ်းကို ရွှေ့ရမယ် ။ အစိုးရ တပ်ကတော့ တပ်တွေ နေရာ ပြန်ချမယ် ဆိုတာ တော့ မဟုတ်ဘူးလေ ။ ဆုတ်မယ် ဆိုရင် နှစ်ဘက်လုံးဆုတ်မယ်ပေါ့ ။ ကျနော်တို့ တပ်တွေ အဲဒီ့ဘက်မှာ မရှိရင် သူတို့တပ်တွေလဲ ရှိစရာအကြောင်းမရှိဘူးပေါ့ ။ ကျနော်တို့ ဆုတ်မယ်ဆိုရင် သူ တို့လဲ ဆုတ်မယ် လို့ သဘောတူလိုက်တာ ” - ဟု ဌာနချုပ် ပြန်ကြားရေး အရာရှိတဦးက ပြောသည် ။


တောင်ကြီး - လွယ်လင် - လဲချား - မိုင်းနောင် - မိုင်းရှူး - တန့်ယန်း ၊ တောင်ကြီး - လွယ်လင် - ခိုလမ် - မိုင်းနောင် - မိုင်းရှူး - တန့်ယန်းလမ်းသည် မြန်မာနိုင်ငံ အရှေ့ပိုင်းစစ်ရေး မဟာဗျူဟာလမ်း ဖြစ် သောကြောင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား မဖြစ် မနေ ရှင်းလင်းရမည်ဟု တပ်မ တော် အရာရှိ ကြီး တဦးကလည်း ပြောဆိုခဲ့ဖူးသည် ။


မိုင်းနောင် - မိုင်းရှူး ကားလမ်းတောင်ဘက်ခြမ်းရှိ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းများ အား အောက်တိုဘာ ၆ ရက်နေ့မှ နိုဝင်ဘာ လနှောင်းပိုင်းအထိ အစိုးရတပ်မတော်မှထိုးစစ်ဆင် တိုက်သောကြောင့် ဒေသခံ ၁၀၀၀ ကျော် နေရပ်မှ စွန့်ခွါခဲ့ရသည် ။


သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာအစိုးရ တို့သည် ၂၀၁၂ ခု နှစ်ဦးပိုင်းက တောင်ကြီးမြို့၌ ပြည်ထောင်စုအဆင့် အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးကာ ငြိမ်းချမ်းရေးတည်ဆောက် ထားကြပြီး ဖြစ်သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates