ကိုးကန့် ရွေးကောက်ပွဲအား သျှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ် ပါတီ ဒုတိယ အကြိမ် ကန့်ကွက်စာတင်
ကိုးကန့်ဒေသအတွင်း ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်မှုများ မြောက်မြားစွာရှိသည်ဟု ဆိုကာ ပြန်လည်စစ်ဆေးပေးရန် သျှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီမှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက်စာကို ဒုတိယ အကြိမ်မြောက်ပေးပို့ခဲ့ကြောင်း ပါတီတာဝန်ရှိသူများက ပြောသည် ။
ရွေးကောက်ပွဲနေ့တွင် မဲစာရင်း မပါပဲ အစုလိုက်အပြုံလိုက် မဲထည့်ခိုင်းမှု ၊ မဲရုံအနီး ပြည်ခိုင်ဖြိုးပါတီအကျီ င်္အမှတ်တံဆိပ် ဦးထုပ်များဝတ်ဆင်ပြီး စည်းရုံးရေးဆင်းခဲ့မှုတို့အပါအဝင် ဥပဒေချိုးဖောက်မှုများ ရှိခဲ့သည်ဟူသည့် ကန့်ကွက်စာကို နိုဝင်ဘာလ ၁၉ ရက်နေ့ တွင် ဒုတိယအကြိမ်ထပ်မံပေးပို့ခဲ့သည်ဟု သျှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးမြင့်ခိုင်က ပြောသည် ။
ပြည်ခိုင်ဖြိုးပါတီနဲ့ သျှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီတို့ နှစ်ပါတီသာ ယှဉ်ပြိုင်ခဲ့ရတဲ့ ကိုးကန့် ဒေသက ရွေးကောက်ပွဲဟာ ဘယ်လိုမှ တရားမျှတမှု မရှိဘူး ။ နိုဝင်ဘာလ ၁၃ ရက်နေ့ကလည်း ကန့်ကွန်စာကို ပထမအကြိမ်ပေးပို့ခဲ့ပြီးပြီ။ဘာမှအကြောင်းမပြန်လာလို့ အခု ဒုတိယအကြိမ်ပေးပို့ခဲ့တာ ။ - ဟု ဦးမြင့်ခိုင် ကပြောသည် ။
နေပြည်တော်သို့သွားပြီး ကော်မရှင် ဥက္ကဌနှင့် တွေ့ခွင့်ရအောင်ကြိုးစားဦးမည်ဟုလည်း ဦးမြင့်ခိုင်က ပြောသည် ။
ကန့်ကွက်စာပါဖော်ပြချက်တွင် - မဲဆွယ်စည်းရုံးရေးကာလပါတီများ ကန့်သတ်ခံရခြင်း ၊ စည်းရုံးရေးကာလ အတွင်း လဝကနှင့်ပြည်ခိုင်ဖြိုးပါတီ တို့ပူးပေါင်းပြီး အရေးပေါ်မှတ်ပုံတင်လုပ်ပေးခြင်း ၊ ရွေးကောက်ပွဲနေ့တွင် မဲစာရင်းမပါဝင်သူများအား မဲပေးခွင့်ရှိအောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ လမ်းခုလတ်တွင် ထောက်ခံစာ ထုတ်ပေးခြင်း ၊ မဲရုံအတွင်း ရဲတပ်ဖွဲ့ဝင်နှင့်လက်နက်ကိုင်အဖွဲ့အား ထားရှိသဖြင့် မဲပေးသူများ လွတ်လပ်စွာ မဲပေးခွင့်မရခဲ့ခြင်း စသည့်အချက်များကြောင့် အပြင်းအထန်ကန့်ကွက်ရန် ရခြင်းဖြစ်ကြောင်း သျှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူများက ပြောသည် ။
ကိုးကန့် ဒေသ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီဘက်မှ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးအောင်သန်းထွဋ် လည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိသွားကြောင်း သိရပါသည် ။
Tags: News, politic