ငြိမ်းချမ်းရေးဟာအားလုံးအတွက်ပဲ အားလုံးပါဝင်ရမယ် … သေနတ်သံတိတ်ရမယ် … ( သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရနှင့် ဆက်သွယ်မေးမြန်း )
ဂျန္နဝါရီလ ၁၂ ရက်ကစပြီး နေပြည်တော်က MICC 2 မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပ နေပါတယ် ။ ဒီညီလာခံမှာအစိုးရနဲ့ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေ ပါတီနဲ့ လူမှုအဖွဲ့အစည်း က ကိုယ်စားလှယ်စုစုပေါင်း ၁၀၀၀ ကျော်တက်ရောက်ခဲ့ပါတယ် ။ အဲဒီဆွေးနွေးပွဲဖွင့်ပွဲမှာ သမ္မတ ဦးသိန်းစိန် ၊ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၊ ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့အပြင် တိုင်းရင်းသားအကြီးအကဲတွေက တက်ရောက်မိန့်ခွန်းပြောကြား ခဲ့ပါတယ် ။ သို့ပေမယ့် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ခွန်ထွန်းဦးအပါအဝင် လက်နက် ကိုင်တိုင်းရင်းသားခေါင်းဆောင်တချို့မတက်ရောက်ခဲ့ပါဘူး ။ ဘာကြောင့်ပါလဲ ။ အခုလို အားလုံးပါဝင်မှုမရှိတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကနေ ဘယ်လို အကျိုးရလဒ်တွေရလာနိုင်မလဲ ။ သျှမ်းတိုင်းရင်း သားများဒီမို ကရေစီအဖွဲ့ချုပ် က ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ် ။
မေး ။ ။ ဂျန္နဝါရီလ ၁၂ ရက်နေ့မှာ စတင်ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံနဲ့ ပတ်သက်ပြီး ဘယ်လိုသုံးသပ်လိုပါသလဲခင်ဗျ ။
ဖြေ ။ ။ နာမည်အားဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံပေါ့နော်။ ဒါပေမယ့် ပြည်ထောင်စုတဝှမ်းလုံး ကိုမလွှမ်းခြုံ နိုင်တဲ့ ညီလာခံဖြစ်နေတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးလို့ပြောတာဟာ အစိုးရနဲ့ လက်နက်ကိုင် အဖွဲ့အစည်း ၂ ဘက်ကြားထဲမှာ ညှိနှိုင်းဆွေးနွေးရမယ့် အနေအထား ။ အဲဒီမှာ အစိုးရဘက်က ပါသင့်ပါထိုက်တဲ့ ပုဂ္ဂိုလ်တွေပါပြီးတော့မှ လက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က လူစုံတက်စုံမပါလာ နိုင်ဘူး ။ အဲတာကြောင့် အဓိပ္ပါယ်ပြည့်ဝတဲ့ ပြည်ထောင်စုအသွင်ကိုမဆောင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလို့ဘဲမြင်တယ် ။ နောက်တခု အခု အာဏာအလွှဲအပြောင်း လုပ်တော့မယ် ။ အစိုးရအသစ်ကို အာဏာလွှဲပြောင်းပေးရတော့မယ် ။ အစိုးရ အသစ်ကို ကိုယ်စားပြုပြီးညီလာခံတက်နေတဲ့ NLD က ကိုယ်စားပြု ၂ ယောက် ၃ ယောက်ဘဲပါတယ် ။ အဲတော့အစိုးရကိုကိုယ်စားပြုတဲ့အဖွဲ့အစည်းအနေနဲ့က လူဦးရေ ရာခိုင်နှုန်းအားဖြင့် အင်မတန် နည်းပါးစွာပါ တာကြောင့် ဒီအခြေမှာ ဒီညီလာခံကို သူတို့အနေနဲ့ ဘယ်လို ဆက်လက် ဦးဆောင်သွားနိုင်မလဲ။ ဒါမှမဟုတ် စစ်တပ်အလိုကျဘဲ သူတို့ဘက်ကလိုက်လျော ပေးတော့မှာလား ။ အဲလိုဆိုလို့ရှိရင် ၁၉၉၃ မှာ စတင်ကျင်းပ တဲ့အမျိုးသားညီလာခံကြီးလို ပြန်ပြီးတော့မှများ တကျော့ပြန် သက်ဆင်းသွားမလားလို့ စိုးရိမ်မိပါတယ် ။ အဲတာ ကြောင့်မို့ ခြုံပြီးပြောမယ်ဆိုရင်တော့ အဓိပ္ပါယ်ပြည့်ဝ ပြီးတော့မှ တိုင်းရင်းသားအကုန်လုံး ပါဝင်ပြီးတော့မှ နိုင်ငံရေးကိုအနှစ်သာရရှိရှိ ဆွေးနွေးနိုင်မယ့် အနေအထားမျိုးလောက်တော့ မရှိလောက်ဘူးလို့ ပြောလိုပါတယ် ။
မေး ။ ။ ဟုတ်ကဲ့ ။ တဖက်ကလည်း နေပြည်တော်မှာတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်နေတယ် ။ သျှမ်း မြောက်ပိုင်းမှာ နဲ့ သျှမ်းကချင်နယ်စပ်မှာ စစ်ရေးတင်းမာမှုတွေရှိနေတယ် ။ အဲဒီအပေါ် ဆရာတို့ ဘယ်လို များသုံးသပ် လိုပါသလဲခင်ဗျ ။
ဖြေ ။ ။ သေနတ်သံတွေတိတ်သွားမှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုတာ အဓိပ္ပါယ်ရှိမှာပေါ့ ။ ပစ်ခတ် တိုက်ခိုက်မှု တွေရှိနေသေးတယ် ။ တဖက်မှာလည်း ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးအသွင်မျိုးကို မဟုတ်မှန်းသိသိကြီးနဲ့ ကျနော်တို့ ဟန်ဆောင်ပန်ဆောင်လုပ်နေရတယ်ဆိုတာ အဲဒီက တည်းကလုပ်နေတဲ့အဖွဲ့အစည်း လုပ်နေတဲ့ အစိုးရကိုယ်၌ ကလည်းဘဲ သူ့ရဲ့လိပ်ပြာ သူလုံခြုံပါ့မလား ဆိုတာကိုကျနော်တို့ သံသယ ဖြစ်စရာအများကြီးရှိနေပါ တယ် ။ အဲတော့ တိုင်းရင်းသားပြည်သူတရပ်လုံးအနေနဲ့ ကတော့ အဟုတ်အမှန် အစစ်အမှန် ငြိမ်းချမ်းပြီး တော့မှ သေနတ်သံတွေ အဟုတ်တိတ်ပြီး တော့မှ နိုင်ငံရေးဆွေးနွေးပွဲကို ပါဝင်သင့်ပါဝင်ထိုက်သူအကုန်လုံးက စုစုစည်းစည်း ပါဝင်နိုင်မှသာလျှင်ကျနော်တို့ အတွက်မျှော်လင့်ချက်ရှိမယ် ။ အခုကတော့ တိုက်ပွဲ ဘယ်သူနဲ့ ဘဲဖြစ်ဖြစ် ဘယ်နေရာမှာဘဲဖြစ်ဖြစ် အနစ်နာဆုံးက ပြည်သူလူထုဘဲဖြစ်ပါတယ် ။ အဲကြောင့်မို့လို့ ပြည်သူ့ မျက်နှာကို ထောက်ထားပြီးတော့မှ အစိုးရကော တပ်မတော်ကော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေကကော အခုစတင်တော့မယ့်ခြေလှမ်းကို မှန်မမှန်ဆိုတာ သေချာပြန်လည်စီစစ်သုံးသပ်ပြီးတော့မှ လှမ်း သင့်မလှမ်းသင့် ရှေ့ဆက်သင့် မဆက်သင့် ဆိုတာပြန်လည်သုံးသပ်ဆင်ခြင်ဖို့ လိုအပ်တယ်လို့ ဘဲပြော ချင် ပါတယ် ။
မေး ။ ။ တဖက်ကလည်း အနာဂတ်အစိုးရမှာ NLD က ဦးဆောင်ပြီးသွားရမယ့်ဟာ ဖြစ်နေတယ် ။ ဒါမယ့် ဒီငြိမ်းချမ်းဆွေးနွေးပွဲမှာ NLD ကိုယ်တိုင်ကလည်း တက်ရောက်မှုနည်းတယ် ။ ဒီအပေါ် ဆရာတို့ ဘယ်လို မြင်မိလဲ ။
ဖြေ ။ ။ ဒေါ်အောင်ဆန်းစုကြည်က ဒီညီလာခံကိုတက်ရောက်မှာ မဟုတ်ဘူးဆိုပေမယ့် ညီလာခံအဖွင့် မိန့်ခွန်း ကိုတော့ပြောကြားတယ် ။ သူ့ကို လက်မှတ်ထိုးတုန်းက သက်သေအဖြစ် တက်ရောက်ဖို့ ဖိတ်တုန်းကလည်း သူ မတက်ပါဘူး။ အလားတူ SNLD ဥက္ကဌ ခွန်ထွန်းဦးလည်း မတက်ဘူး ။ မင်းကိုနိုင်လည်းမတက်ပါဘူး ။ အဲလို မတက်ပေမယ့် သူတို့ဘက်ကပြတဲ့အကြောင်းပြချက်က အင်မတန်မှခိုင်လုံပါတယ် ။ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကိုမပြိုပျက်စေချင်ဘူး ။ အားလုံးပါဝင်တဲ့ အခင်းအကျင်းမျိုး မဟုတ်တဲ့အတွက်ကြောင့်မို့လို့ ၊ တိုင်းရင်း သားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေတဲ့အဖြစ်မျိုး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့မတက်တာလို့ပြောတယ် ။ အခုဆက်ပြီးသွားမယ့် နိုင်ငံရေးအခင်းအကျင်းဟာလည်းဘဲ နိုင်ငံရေးဆွေးနွေးပွဲလို့သာ ပြောတာ ။ ပြီးပြည့်စုံတဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဘယ်လိုမှမဖြစ်နိုင်ဘူး ။ အပြင်မှာကျန်ခဲ့တဲ့လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းက ၁၃ ဖွဲ့ရှိတယ် ။ အခုလက်မှတ်ထိုးပြီးတာ ၈ ဖွဲ့ဘဲရှိတယ် ။ ၈ ဖွဲ့နဲ့လက်ရှိအစိုးရနဲ့ လုပ်မယ်ဆိုရင် ဒီအစိုးရ နောက် ထပ် ၁ လ ၂ လဆိုရင်ဘဲ အာဏာလွဲပြောင်းရတော့မယ် ။ အဲဒီတော့ သိပ်ပြီးလဲ အဓိပ္ပါယ်ရှိတာမဟုတ်ဘူး ။ ကိုယ့်လက်ထက်မှာ လုပ်ဖြစ်မယ်ဆိုရင်ပြီးရောဆိုတဲ့ အနေအထားမျိုးနဲ့လုပ်ရင်ဒါဟာ လူထုရဲ့မျက်နှာကိုကြည့် တာလား ဒါမှမဟုတ် အုပ်စိုးသူ အစိုးရရဲ့အလိုကျ နာမည်ကောင်းယူရုံသက်သက်လုပ်တာလားဆိုတာ စဉ်းစား စရာဖြစ်နေတယ် ။ အဲဒီအနေအထားမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သွားတက်မယ်ဆိုရင် သူ့အနေနဲ့ နာမည်ကောင်းမရတဲ့အပြင် နာမည်ဆိုးတွေနဲ့တင်ကျန်ရစ် သွားနိုင်တယ် ။ ဒါမှမဟုတ် အမျိုးသားညီလာခံတုန်း ကလို NLD တကျော့ပြန် ပြန်ပြီးတော့မှ စစ်အာဏာရှင်ရဲ့ နိုင်ငံရေးလှည့်ကွက်ထဲကို ပြန်ပြီး သက်ဆင်းသွား နိုင် တယ်လို့တောင် သုံးသပ်နိုင်ပါတယ်ခင်ဗျ ။
မေး ။ ။ အဲလိုဆိုရင် လာမယ့်အစိုးရမှာ NLD ကနေ ဦးဆောင်ပြီးသွားမယ့် သဘောရှိနေတယ် ။ တိုင်းရင်းသား တွေက ဒုတိယပင်လုံကိုမျှော်မှန်းတယ် ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ၂၁ ရာစုပင်လုံလို့ ပြောနေ တယ် ။ အဲဒီအလားအလာကိုရောရှိနိုင်မလား လာမယ့်အစိုးရမှာ ။
ဖြေ ။ ။ ၂၀၀၈ ဖွဲ့စည်းပုံကိုမပြင်ဘဲနဲ့ ပင်လုံကိုဘယ်လိုမှ ခြေလှမ်းလို့မရပါဘူး ။ ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဖို့ဆို တာကတော့ နိုင်ငံရေးအခင်းအကျင်းထဲမှ နိုင်ငံရေးလုပ်ငန်းစဉ်ထဲကနေ စစ်တပ်က အပြီးအပိုင်နှုတ်ထွက် သွားမှသာလျှင် ဖွဲ့စည်းပုံကိုပြင်လို့ရပါမယ် ။ စစ်တပ်က နိုင်ငံရေးမှာဝင်ပါနေသရွေ့ ကျနော်တို့ အတွက် ဒုတိယပင်လုံ တတိယပင်လုံ အစရှိတဲ့ ဖယ်ဒရယ်ပြည်ထောင်စု ဒီမိုကရက်တစ်နိုင်ငံကြီးကို တည်ဆောက်နိုင် မှာမဟုတ်ဘူး ။ အဲတာကြောင့်မို့လို့ စစ်တပ်နဲ့အရပ်ဘက်နိုင်ငံရေးကို ကျနော်တို့ဘယ်လို တည်ဆောက်သွားမလဲ ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်ကိုဘယ်လောက်အထိ ဆွဲဆောင်နိုင်မလဲ ။ ဘယ်လောက်ထိ သူနားချ နိုင်မလဲ ။ ဆိုတဲ့အပေါ်မှာ အများကြီးမူတည်ပါတယ် ။ ဒါပေမယ့် သူ့အနေနဲ့ဘယ်လိုဘဲလုပ်လုပ် ဖွဲ့စည်းပုံကိုပြင် ဖို့ တပ်မတော်ကလက်မခံဘူးဆိုရင် လည်း ကျနော်တို့အတွက် မျှော်လင့်ချက်မရှိပါဘူး ။
မေး ။ ။ ဟုတ်ကဲ့ပါ ။ ဟိုအရင် ကလေးမြို့ညီလာခံတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လုံလို့ ပြောသံကြားပေမယ့် နောက်ပိုင်းကျတော့ ငြိမ်သွားတယ် ။ အဲဒီအပေါ်ဘယ်လိုမြင်မိပါသလဲခင်ဗျ ။
ဖြေ ။ ။ သူ့အနေနဲ့ နိုင်ငံရေးမဟာဗျူဟာအသစ်ပြန်ပြီး လုပ်ကိုင်မိသလားလို့ဘဲ ကျနော်တို့သုံးသပ်ပါတယ် ။ အစတုန်းကတော့ တပ်မတော်နဲ့သူနဲ့ ထိပ်တိုက်တွေ့မယ့် အနေအထားမျိုးကို ဥပမာ မတရားတဲ့ အမိန့် အာဏာ ဟူသမျှ ဖီဆန်ကြ ပေါ့နော် ။ အဲဒီအနေအထားမျိုးကနေ အခုနောက်ပိုင်း တပ်မတော်ကိုလုံးဝကို အစွန်းအထင်း မခံတဲ့ အနေအထားမျိုး ။ တပ်မတော်ကိုနဲနဲလေးမှ ထိခိုက်စေမယ့် အနေအထားမျိုး အပြောအဆိုမျိုးကိုသူ လက်မခံတော့ဘူးပေါ့နော် ။ အဲတာကို သူ့အနေနဲ့ တပ်မတော်ကို စည်းရုံးနေတယ်လို့ကျနော်တို့ နားလည်ပါ တယ် ။ ဒါပေမယ့်အဲလိုမျိုး တပ်မတော်ကို သိပ်ပြီးထိထိလျလျ ဆက်ဆံနေတယ်ဆိုလို့ရှိရင်လည်း တိုင်းရင်းသား ပြည်သူလူထုရဲ့ အမြင်စောင်းမှုကိုသူ့အနေနဲ့ ခံစားသွားရနိုင်ပါတယ် ။ ဒါကြောင့်မို့လို့ ၂ ဖက်မျှပြီးတော့မှတွေး မယ်ဆိုရင် ရှင်းရှင်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း နောက်ထပ် ဆယ်စုနှစ်တခုနှစ်ခုဆိုတာ သိပ်ပြီးမျှော်လင့်ချက် မရှိပါဘူး ။ ဒီ ၄-၅-၁၀ နှစ်အတွင်း သူ့အနေနဲ့ ဘယ်လောက်ထိ ကြိုးပမ်းနိုင်မလဲ ။ တိုင်း ရင်းသားလူထု ဘယ်လောက်ထိ အထောက်အပံ့ပေးမလဲ ။ အဲဒီအပေါ်လည်း မူတည်ပါတယ် ။ ဒါကြောင့်မို့လို့ လက်နက်ကိုင်အဖွဲ့အစည်းအကုန်လုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှု ကိုအပြည့်အ၀ ယုံကြည်မယ် ဆိုတဲ့နေ့ကျရင်တော့ တပ်မတော်နဲ့ Check and Balance လုပ်နိုင်ပါလိမ့်မယ် ။ တိုင်းရင်းသားလက်နက် ကိုင်အချင်းချင်းက ကွဲပြားနေပြီး ဒေါ်အောင်ဆန်းစုကြည် လို ဒီမိုကရေစီခေါင်းဆောင် နောက်ကိုလည်းဘဲ မလိုက်နိုင်ဘူးဆိုရင်တော့ ကျနော်တို့အတွက် မျှော်လင့်ချက်က ဝေးသထက်ဝေးသွားမယ် ။ စစ်အာဏာရှင်ရဲ့ စက်ကွင်းကနေလည်း မလွတ်ဘဲနေလိမ့်မယ်လို့ ဘဲမြင်ပါတယ် ။
မေး ။ ။ ဒီလိုဆိုရင် တိုင်းရင်းသားတွေ ပါတီတွေ လက်နက်ကိုင်တပ်ဖွဲ့တွေက စစ်မှန်တဲ့ ဖက်ဒရယ်ပြည် ထောင်စုရရှိဖို့ဘယ်လိုလုပ်သင့်သလဲ ။
ဖြေ ။ ။ ၁ အချက် ကျနော်တို့ရဲ့ဘုံရန်သူဟာ အာဏာရှင်စနစ်ဖြစ်ပါတယ် ။ အဲဒီအာဏာရှင်စနစ်ကြောင့် ကျနော်တို့ တိုင်းရင်းသားအချင်းချင်း ကွဲပြားရတယ် ။ အဲဒီအာဏာရှင်စနစ်ကြောင့် ကျနော်တို့ပြည်သူလူထု ဆင်းရဲမွဲတေရတယ် ။ တိုင်းပြည်လည်းဘဲ ချွတ်ခြုံကျရတယ် ဆိုတာကိုကျနော်တို့ အကုန်လုံးနားလည်မှုရှိရှိနဲ့ အချင်းချင်းလက်တွဲပြီးတော့မှ အာဏာရှင်စနစ်ကို ဝိုင်းဝန်းတွန်းလှန်ကြရပါမယ် ။ အာဏာရှင်စနစ် မရှိတော့တဲ့ နောက်မှာကျမှ ကျနော်တို့ရဲ့ရပိုင်ခွင့် ဥပမာ တိုင်းရင်းသာအခွင့်အရေး နိုင်ငံသားအခွင့်အရေး အစရှိတဲ့အခွင့် အရေးများကိုပြန်လည်ပြီးတော့မှ သုံးသပ် ပိုင်းခြားရပါလိမ့်မယ် ။ ပထမဆုံးအဆင့်ကတော့ အာဏာရှင်းနစ်ကို အားလုံးက ဘုံရန်သူအဖြစ်သဘောထားပြီးတော့မှ အမြစ်ကနေ ပြန်ပြီးတော့မှ တွန်းလှန်ပစ်ရမယ် ။ ဒါ အဓိက အချက်လို့ဘဲ ကျနော်တို့မြင်ပါတယ် ။
မေး ။ ။ ဟုတ်ကဲ့ တခြားဖြည့်စွက်ပြောကြားလိုတာများ ဘာရှိသေးလဲခင်ဗျ ။
ဖြေ ။ ။ ဒေါ်အောင်ဆန်းကြည်ကိုဘဲ ကျနော် ဦးတည်ပြီး တခါထပ်ပြောပါမယ် ။ ၁၉၉၃ တုန်းကအမှားမျိုး ကျနော်တို့ ၂၀၁၅-၂၀၁၆ မှာ ထပ်ပြီးမှားမယ်ဆိုရင် ကျနော်တို့ တိုင်းပြည်ရဲ့အနာဂတ်က နောက်ထပ် အနှစ် ၄၀-၅၀ မက အာဏာရှင်ရဲ့လွမ်းမိုးမှုကိုပိုပြီး ခံစားသွားရပါလိမ့်မယ် ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်၌ကလည်း ကျနော်တို့တိုင်းရင်းသားပြည်သူတရပ်လုံးကို မားမားမတ်မတ် ဦးဆောင်သွားနိုင်ပါစေ ။ ကျနော်တို့တိုင်းရင်း သားပြည်သူများကလည်း အာဏာရှင်စနစ်ရဲ့ ကြီးစိုးမှု လွမ်းမိုးမှုကို အားလုံးက ဝိုင်းဝန်းပြီးတော့မှ တွန်းလှန်နိုင် ပါစေ ။ ကျနော်တို့အချင်းချင်းညီညွတ်ကြပါစေ ။ တိုင်းရင်းသားအချင်းချင်း နှိပ်စက်ကလူပြုနေတဲ့ ဥပမာ သျှမ်းပြည်မြောက်ပိုင်းက ပြသနာတွေဟာမျိုး ဒီနေ့ကြားရတဲ့ပြသနာတွေ အမြန်ဆုံးချုပ်ငြိမ်းနိုင်ကြပါစေလို့ ဘဲဆုတောင်းလိုက်ပါတယ်ခင်ဗျ ။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ဂျန္နဝါရီလ ၁၆ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ် ။
Tags: Interview