နမ့်ခမ်းမြို့၌ သျှမ်းစာပါသော မြို့ဝင် / ထွက်ဆိုင်းဘုတ် ဖွင့်လှစ်
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် သျှမ်း ၊ မြန်မာ ၊ အင်္ဂလိပ်ဘာသာ ၃ ဘာသာဖြင့် ရေးသားထားသော မြို့ဝင် / ထွက် ဆိုင်းဘုတ်ကို ဂျန္နဝါရီ ၈ ရက်နေ့ မနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည် ။
သျှမ်းစာပါရှိသော မြို့ဝင် / ထွက် ဆိုင်းဘုတ်ကို ၄င်းမြို့ အရှေ့ဖက် နောင်ခန်ကျေးရွာ အနီးတွင်တနေရာ မြို့၏ အနောက်ဖက်ခြမ်းရှိ ဟင်လုံကျေးရွာတွင်တနေရာ စိုက်ထူကာ ဖွင့်ပွဲကျင်းပခဲ့သည် ။
ဖွင့်ပွဲတွင် နမ့်ခမ်းမြို့နယ် လူမှုညီညွှတ်ရေးအဖွဲ့ (UP) ၊ ကျားဖြူပါတီ SNDP ၊ သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့ ၊ မြို့မိမြို့ဖများနှင့် ဆိုင်းဘုတ်ဆောက်လုပ်ရေး ကော်မတီဝင်များ စုစုပေါင်း ၁၅၀ ဦးထက်မနဲ တက်ရောက် ခဲ့ကြောင်း ဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနား တက်ရောက်အားပေးသူ စိုင်းပီး ကပြောသည် ။
အဆိုပါ ဆိုင်းဘုတ် ၂ ခု အား (၂,၇၅၂,၅၀၀) ကျပ် အသုံးပြုတည်ဆောက်ခဲ့ပြီး ၊ မြို့နေ လူထု၏ စုပေါင်း ထည့်ဝင်ထားသည့် ငွေများဖြစ်ကြောင်း ဆိုင်းဘုတ်ဆောက်လုပ်ရေး ကော်မတီအဖွဲ့ခေါင်းဆောင် စိုင်းထွန်းလှိုင် က ဆိုသည် ။
“ မြို့အဝင်ဆိုင်းဘုတ်ကို သျှမ်း၊မြန်မာ၊အင်္ဂလိပ် ဘာသာတို့ဖြင့် ရေးသားရခြင်း ရည်ရွယ်ချက်ကတော့ ၁။ တိုင်းပြည် ဒေသ ခရိုင်မြို့ ရပ်ကွက် ကျေးရွာတွေရဲ့ နာမည်တွေကို နဂိုမူလရှိရင်းစွဲ သျှမ်းရိုးရာ ပပျောက် မသွားအောင် ၂။ နာမည်တွေကို တခြားဘာသာရပ် စာတွေနဲ့ရေးသားရာမှာ နဂိုမူလသျှမ်းအသံထွက်နဲ့ နီးစပ်အောင် ရေးသားနိုင်အောင် ၃။ အသစ် ထပ်ပေါ်လာမယ့် ၊ အသစ်ထပ်ပေးဖို့ရှိတဲ့ ရပ်ကွက်ကျေးရွာ များရဲ့ နာမည်တွေ ကိုလည်း သျှမ်းဘာသာ သျှမ်းရိုးရာဓလေ့ဖြင့်သတ်မှတ်ပေးသွားနိုင်ရန် - စတာတွေ ဖြစ်တယ် ” ဟု ၄င်းက သျှမ်းသံတော်ဆင့်အား ပြောသည် ။
နမ့်ခမ်းမြို့ထဲရှိ ရပ်ကွက်နှင့်ကျေးရွာပေါင်း (၆၅) ခုတွင် အလားတူ သျှမ်း ၊ မြန်မာ ၊ အင်္ဂလိပ်စာဖြင့် ရေးသားထား သော ရပ်ကွက်ကျေးရွာ ဆိုင်းဘုတ်များကိုလဲ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း ၄င်းအဖွဲ့က စိုက်ထူဖွင့်လှစ်ပေးခဲ့ ပြီး ကြောင်း ဒေသခံများထံမှ သိရှိရသည် ။
Tags: General, News