၆၉ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အထိမ်းအမှတ် သျှမ်းလူငယ်များ တောင်တက်ကြမည်



ဖဖော်ဝါရီ ရ ရက်နေ့တွင် ကျရောက်မည့် ၆၉ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ ကို  မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန်ရက် Tai Youth Network မှ ဦးဆောင်ပြီး ဒေသအသီးသီးမှလူငယ်များစုပေါင်းက သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ရှိ လွယ်ဇန့် ဟိုင်းပန်တောင်ထိပ်သို့ တက်ရောက်ကာ သျှမ်းပြည် အမျိုးသား အလံကို စိုက်ထူသွားမည်ဟု သျှမ်းလူငယ်ကွန်ရက်က ပြောသည် ။


အမြင့်ပေ ၄၀၀၀ ခန့် ရှိ လွယ်ဇန့် ဟိုင်းပန်တောင် တက်မည့် ခရီးစဉ်တွင်  မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ် ကွန်ရက်အဖွဲ့ဝင်အားလုံး နှင့် သျှမ်းပြည်တွင်းရှိ လူငယ်များအားလုံးကို ဖိတ်ခေါ်ထားပြီး ခန့်မှန်းခြေ အင်အား ၁၅၀၀ နှင့် ၂၀၀၀ ကြား ရှိမည်ဟု မှန်းထားကြောင်း ပြောရေးဆိုခွင့်ရှိသူ စိုင်းနော်ဆိုင် ကပြောသည် ။


“ အဓိက ရည်ရွယ်ချက်က လူငယ်တွေ သမိုင်းကြောင်းကို လေ့လာနိုင်ဖို့ ၊ ကိုယ့်သမိုင်းအကြောင်း ပေါ့ နော် ။ သျှမ်းအမျိုးသားနေ့  ဖြစ်ပေါ်လာပုံကိုလည်း  အဲ့နေ့ကျရင် တောင်ပေါ်မှာ ဟောပြောမယ် ။ ပြီးတော့ တောင်ထိပ်မှာ အမျိုးသားရေးအလံကို စိုက်ထူသွားမယ် ” ဟု သျှမ်းလူငယ်ကွန်ရက်အဖွဲ့ဝင် ဦးဆောင်ကော်မတီတွင် ပါဝင်သော နန်းလောဝ်ခမ်း ကပြောသည် ။


လွယ်ဇန့် ဟိုင်းပန်တောင်၏ ထူးခြားချက်တခုမှာ အင်္ဂလိပ်ခေတ်ကတည်းက မြို့တည်ရန် ဆောင်ရွက်ရာတွင် မအောင်မြင်ကြောင်း ၊ လူမျိုးခြားများလည်း တောင်ပေါ်တွင် မနေနိုင်ကြောင်း ရပ်ရွာမိဘများက ပြောပြသည်ဟု  သျှမ်းလူငယ်ကွန်ရက် ပြောခွင့်ရ စိုင်းနော်ဆိုင် ကပြောပြသည် ။


“ အင်္ဂလိပ်တွေ မြို့လာတည်မှာကို တောတောင်စောင့်နတ်တွေက မကြိုက်လို့ မအောင်မြင်ဘူးလို့ လူကြီးတွေ ကပြောတယ်။ ဒါပေမယ့်ကျနော်တို့ကတော့ သျှမ်းလူမျိုးလဲဖြစ်တဲ့အပြင် သျှမ်းဓလေ့ အစဉ် အလာအရ တောစောင့်နတ် တောင်စောင့်နတ် မြို့စောင့်နတ်တွေကို တိုင်တည်ခွင့်တောင်းပြီးမှ တောင်တက်မှာ ။ အဲ့ဒီတောင်ထိပ်မှာ သျှမ်းအမျိုးသားအလံကို သွားလွင့်ထူမယ် ” ဟု ၄င်းကပြောသည် ။


လွယ်ဇန့် ဟိုင်းပန်တောင်တက်ခရီးစဉ်သည် မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်များကွန်ရက် (TYN) ၏ သျှမ်းလူငယ်များ  သတ္တမအကြိမ်မြောက် တောင်တက်ခရီးစဉ် ဖြစ်ပါသည် ။ ယမန်နှစ် သျှမ်းပြည်အမျိုးသားနေ့က သျှမ်းပြည်အတွင်းရှိ တတိယအမြင့်ဆုံးတောင်ဖြစ်သော  မိုင်းကိုင်မြို့နယ် လွယ်ဇန့်တောင်ထိပ် သို့ သျှမ်းလူငယ်များ တက်ရောက်ခဲ့ကြောင်း သိရသည် ။


၁၉၄၇ ဖေဖေါ်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ မတိုင်မီ ၅ ရက်အလိုတွင် သျှမ်းစော်ဘွား ကိုယ်စားလှယ် ရ ဦး ၊ လူထု ကိုယ်စားလှယ် ရ ဦး တို့ စုပေါင်း၍ သျှမ်းပြည်ကောင်စီ ဖွဲ့စည်းနိုင်သည့်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် သျှမ်းပြည်အမျိုးသားနေ့ ဟုသတ်မှတ်ထားခြင်း ဖြစ်သည် ။









 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates