ပြည်သူ့စစ်နှင့် စစ်တပ်မှ သိမ်းဆည်းထားသော မြေယာများ ပြန်လည်ရရှိရန် ဒေသခံများတောင်းဆို
သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ်၌ အစိုးရတပ်နှင့် ပြည်သူ့ စစ်များက သိမ်းဆည်းထားသော မြေ ယာများတွင် ပြန်လည်လုပ် ကိုင်စားသောက်ခွင့်ရရန် ဒေသခံတောင်သူလယ်သမားများက တောင်းဆိုသည် ။
အက်စ်သုံးလုံး ပြည်သူ့စစ်တပ်ဖွဲ့နှင့် မိုးနဲ အခြေ စိုက် ခလရ ၂၄၈ တို့မှ သိမ်း ယူထားသည့် မိုးနဲမြို့ မယ်ဇလီမြိုင် ရွာ ၊ စွမ်မွန်းရွာ ၊ မြို့သစ်နှင့်ကျိုင်းတောင်းဒေသမှ ယာမြေများတွင် ပြန်လည်လုပ်ကိုင်စား သောက်ခွင့်ရရှိရေး တောင်းဆိုသွားရန် အသိမ်းခံရ လယ်ယာမြေပိုင်ရှင်များနှင့် တောင်သူလယ်သမား များက ဂျန္နဝါရီ ၁၉ ရက်နေ့က တွေ့ဆုံ ဆွေးနွေးကြသည်ဟု သိရသည် ။
မိုးနဲမြို့ခံ တောင်သူလယ်သမား တစ်ဦးဖြစ်သောစိုင်းလောဝ်ခမ်းက - “ ၂၀၀၈ တုန်းက လာသိမ်းသွားတယ် ။ ပြီးတော့ ကျနော်တို့ကို လယ်ယာစိုက်ခွင့် မပေးတော့ဘူး ။ ကျနော်တို့ လယ်ယာမြေတွေကို သူတို့က အစိုးရ နားဝယ် လိုက်ပြီ လို့ဘဲပြောတယ် ။ စာရွက်စာတမ်းတော့မပြဘူး ။ အခုအဲ့မြေတွေကို သူတို့ တွေ အကွက်ချပြီး ထွန်ယက်စိုက်ပျိုးရေးလုပ်နေပြီ ” ဟု ပြောသည် ။
လယ်ယာမြေ အသိမ်းခံရသည့် တောင်သူလယ်သမား ငါးရာခန့် ရှိပြီး လာမည့်အစိုးရသစ်လက်ထက်တွင် အစီရင်ခံတင်ပြသွားမည်ဟု မိုးနဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော် အမတ်လောင်း စိုင်းမျိုးမြင့် ကပြောသည် ။
“ အခု အချက်အလက်တွေ စုနေတုန်း ။ ယာမြေအသိမ်းခံရတဲ့ တောင်သူ ငါးရာလောက်ရှိတယ် ။ ဧကပေါင်း က ငါးထောင်ထက်မနည်းဘူး ။ အဲ့ထက် များရင် များနိုင်တယ် ။ စာရင်းက မတိကျသေးဘူး ။ သိရသလောက် တော့ အက်စ်သုံးလုံးပြည်သူ့စစ်တပ်ဖွဲ့တွေက လာသိမ်းသွားတယ်လို့ ပြောတယ် ။ အဲ့နေရာတွေမှာလည်း ပြည်သူ့စစ်တွေ နေတဲ့နေရာတွေဘဲလေ ။ သူတို့လူတွေကို လာဖြည့်မယ်ထင်တယ် ” ဟု စိုင်းမျိုးမြင့် ကပြောသည် ။
မိုးနဲမြို့နယ် စွမ်မွန်းရွာခံ ဒေါ်ပါနွယ်ကလည်း ၄င်းပိုင်လယ်ယာမြေ ၃ ကွက် ပါသွားကြောင်း၊ ၂၀၁၅ ခုနှစ် မေလပိုင်းလောက်ကမှသာ သိမ်းယူထားကြောင်း ပြောသည် ။
မိုးနဲမြို့နယ် ဝိဇ္ဇာရေ ကျောင်းထိုင်ဆရာတော် က သံဃာတော်များအတွက် အင်အားသည် ဒကာ ဒကာမများ ထံတွင်ရှိကြောင်း ၊ အာရှတိုက်သားများ အားလုံးလည်း ထမင်းနှင့် ဟင်းကိုမှီဝဲစားသောက်ကြကြောင်း ၊ ထမင်း နှင့်ဟင်းများသည် တောင်သူလယ်သမားများထံမှရရှိလာကြောင်း ဆရာတော်က မိန့်ကြားတော်မူသည် ။
“ ဒီလိုမျိုး လယ်ယာတွေသိမ်းတယ် ဆိုတာက ကြားရတာ စိတ်မကောင်းဘူး ။ လယ်တွေ တောင်ယာတွေ သိမ်း သွားတယ်ဆိုတာက တောင်သူလယ် သမားတွေ တကယ့်ဒုက္ခရောက်သွားတယ် ။ သူတို့ကိုလည်း သနားတယ် ။ ဘုန်းဘုန်းအနေနဲ့ပြောရရင် မေတ္တာတွေထားပြီး တောင်သူလယ်သမားတွေက မိမိတို့တွက် ကျေးဇူးကြီးလှတယ် လို့မြင်ရင် သူတို့ကို လွတ်လွတ်လပ် လပ်ပေး လုပ်စားစေချင်တယ် ။ မြေတွေ သိမ်းထားတဲ့ လူတွေလည်း လယ်သမားတွေအပေါ် မဖိနှိပ်စေချင်ဘူး ” ဟု ဆရာတော်က မိန့်တော် မူသည် ။
မိုးနဲမြို့နယ်သည် ဆန်စပါးအဓိကစိုက်ပျိုးလုပ်ကိုင်စားသောက်ပြီး အဆိုပါဒေသတဝိုက်ရှိ မြို့နယ်တော်တော် များများကလည်း မိုးနဲမှထွက် ရှိသော ဆန်စပါးများကိုသာ အားထားပြုကြရပါသည် ။ သို့သော် ယခုနောက် ပိုင်း တောင်သူလယ်သမားများ၏ လယ်ယာဧကပေါင်းမြောက်များစွာ အသိမ်းခံထားရကြောင်း နိုင်ငံရေးပါတီဝင်များ က စာရင်းကောက်ယူနေမှု သိရသည် ။ အချို့ရွာများတွင် ပြည်သူ့စစ်ကသိမ်းယူထားပြီး အချို့ရွာတွင်မူ စစ်တပ်က သိမ်းယူထားခြင်းဖြစ်ကြောင်းလည်း သိရပါသည် ။
Tags: Human Right, News