ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ခွန်ထွန်းဦး တက်မည်မဟုတ်
နပြည်တော်တွင် လာမည့် ဂျန္နဝါရီလ ၁၂ ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်း ရေး ညီလာခံသို့ ဦးခွန်ထွန်းဦး တက်ရောက်မည် မဟုတ်ကြောင်း SNLD သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် မှ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ပြောသည် ။
“ ပါတီက ကိုယ်စားလှယ်ကတော့ ၄ ယောက်လောက် လူငယ်တွေလွတ်မယ် ။ အတွေ့အကြုံရအောင်ပေါ့ ။ ဦးခွန်ထွန်းဦးအပါဝင် ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေကတော့ တက်မှာ မဟုတ်ဘူး ။ တက်လည်း အားလုံးမှ မပါနိုင်တော့ ဘာမှ ထူးမှာ မဟုတ်ဘူးလေ ” ဟု ဦးစိုင်းညွှန့်လွင်က ပြောသည် ။
ဂျန္နဝါရီလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှုလက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တက်ရောက်မည်ဖြစ်ပြီး အစိုးရ နိုင်ငံရေးပါတီများ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့နှင့် ကိုယ်စားလှယ် ရ၀၀ တက်ရောက်ဆွေးနွေး ကြမည်ဖြစ်သည် ။ အဆိုပါဆွေးနွေးမှုတွင် လက်မှတ် မထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာ တက်ရောက်တင်ပြခွင့်ရ မည်ဖြစ်သော်လည်း ဆွေးနွေးဆုံးဖြတ်ခွင့် ရရှိမည် မဟုတ်ပေ ။
“ တက်လည်း သိပ်ထူးမှာ မဟုတ်ဘူးလေ ။ ပစ်ခတ်တိုက်ခိုက်နေတဲ့ နေရာတွေကလည်း ရှိနေသေးတယ် ။ အပစ်မှမရပ်သေးပဲ ။” - ဟု SNLD ပါတီပြောခွင့်ရ စိုင်းလိတ်က ပြောသည် ။
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကဲ့သို့ပင် NLDအမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုပါအခမ်းနားသို့ တက်ရောက်မည် မဟုတ်ပဲ NLD ပါတီမှ ကိုယ်စားလှယ်အချို့သာ စေလွတ်မည် ဖြစ်သည် ။
အလားတူ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးလက်မှတ်မရေးထိုးရသေးသည့် သျှမ်းပြည်တပ်မတော် မြောက်ပိုင်း SSPP/SSA ကလည်း ဂျန္နဝါရီလ ၁၂ ဆွေးနွေးပွဲသို့ တက်ရောက်မည် မဟုတ်ကြောင်း သိရသည် ။
နိုင်ငံရေးဆွေးနွေးပွဲ ဆုံးဖြတ်ချက်ကို တပ်မတော်က သဘောတူမှ ဆုံးဖြတ်ရမည်ဟုဆိုပါက စစ်မှန်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်လာမည်မဟုတ် ၊ ကျင်းပမည့်အချိန်လည်း စောလွန်းသည်ဟု ဆိုကာပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပမည့်ရက်ရွှေ့ဆိုင်းပေးရန် လူမှုအဖွဲ့အစည်း ၁၃၀ ဖွဲ့ခန့်ပါဝင်လက်မှတ်ရေးထိုးထားသည့်ကြေငြာချက် တစောင်ကို ဂျန္နဝါရီလ ၅ ရက်နေ့က ထုတ်ပြန်လိုက်သည် ။
Tags: News, politic