တောင်ကြီးမြို့၌ နိုင်ငံတကာအဆင့် မီဗုဒ္ဓတက္ကသိုလ်အား လာမည့် သျှမ်းပြည်အမျိုးသားနေ့တွင် ဖွင့်မည်
ဗြိတိန်နိုင်ငံ အောက်စဖို့ ဗုဒ္ဓဝိဟာရကျောင်းထိုင်ဆရာတော် ပါမောက္ခ ဒေါက်တာခမ်းမိုင် ဓမ္မသာမိ ကမကထပြုကာ တည်ဆောက်သော နိုင်ငံတကာအဆင့်မီ ဗုဒ္ဓတက္ကသိုလ် ကို သျှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင် လာမည့်သျှမ်းပြည်အမျိုးသားနေ့တွင် ဖွင့်ပွဲလှစ်မည်ဟု သိရသည် ။
လာမည့်ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သော ၆၉ နှစ်မြောက်သျှမ်းပြည်အမျိုးသားနေ့ တွင်အထိမ်းအမှတ်အဖြစ် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်တွင် တည်ဆောက်ထားသော ဗုဒ္ဓဘာသာတက္ကသိုလ်ဖွင့်ပွဲကျင်းပမည်ဖြစ်သည်ဟု တက္ကသိုလ်တည်ဆောက်ရေးတွင်ပါဝင်သော ကော်မတီဝင် ဆရာတော် အရှင်မဟော်သဒါ လင်္ကာရ က မိန့်ကြားတော်မူသည် ။
ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပြည်တွင်းပြည်ပမှ ပညာရှင် သံဃာတော် ၆ ပါးက ဖွင့်လှစ်မည့် ဗုဒ္ဓတက္ကသိုလ်နှင့်ပတ်သက်၍ ဆယ်မီနာ ပြုလုပ်မည်ဖြစ်ကြောင်းလည်း သိရသည် ။
“ ဆယ်မီနာလုပ်တဲ့ရက်မှာ သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်လည်း တက်ရောက်မယ် ။ သာသနာရေးဝန်ကြီးလည်း တက်ရောက်မယ် ။ သျှမ်းပြည်နယ်နေ့ တက္ကသိုလ်ဖွင့်ပွဲနေ့မှာလည်း ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းလည်း တက်ရောက်မယ် ။ ပြည်တွင်းပြည်ပမှ သံဃာတော် ၉၉ ပါးကို ပင့်ဖိတ်ထားပါတယ် ။ ပြည်တွင်းက ဗုဒ္ဓတက္ကသိုလ် ၁၅ ခုက သံဃာတော်တွေလည်း ကြွရောက်လာကြမယ် ” ဟု ဖွင့်ပွဲဖြစ်မြောက်ရေးကော်မတီဝင် ဆရာတော်တပါးကလည်း မိန့်တော်မူသည် ။
အမေရိကန် ၊ ဗြိတိန် ၊ ထိုင်းနိုင်ငံ ၊ အန္ဒိယနိုင်ငံ ၊ သီရိလင်္ကာနိုင်ငံ ၊ တရုတ်နိုင်ငံတို့မှ ပညာရှင်အဆင့် ပင့်သံဃာတော်များလည်း တက်ရောက်မည်ဟု သိရသည် ။
အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်မှ ဗုဒ္ဓဘာသာရပ်ဆိုင်ရာ ပါမောက္ခ ဆရာတော် ဒေါက်တာဓမ္မသာမိဦးဆောင်စီစဉ်သည့် သျှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ဗုဒ္ဓတက္ကသိုလ်မှာ ၂၀၁၄ ခု အောက်တိုဘာလက စတင်တည်ဆောက်ခဲ့ပြီး သီရိလင်္ကာနိုင်ငံ ဗုဒ္ဓတက္ကသိုလ်မှသင်ကြားသော စနစ်ကဲ့သို့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည် ။ ကျပ်သန်းပေါင်း ကိုးထောင်ကျော်သုံးကာ ကျောင်းဆောင် ၆ ဆောင်တပြိုင်နက် တည်ဆောက်ခဲ့သည်မှာ မပြီးစီးသေးသော်လည်း သျှမ်းပြည်အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် တက္ကသိုလ် ဖွင့်ပွဲပြုလုပ်မည်ဖြစ်ကြောင်း ၊ သင်ကြားမှုကိုလည်း ယခု ၂၀၁၆ အတွင်း စတင်သွားမည်ဖြစ်ကြောင်း သိရပါသည် ။
Tags: Culture, News