SSPP/SSA နာမည်ဖြင့် ထုတ်ပြန်ကြေငြာချက် အတုများ ဆက်တိုက်ထွက်ပေါ်



သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ ဒုတိယဥက္ကဌ  နာမည်၊ အဖွဲ့အစည်း တံဆိပ်နှင့် ခေါင်းစီးစာတမ်းတို့ကိုသုံးကာ  ရုံးကိစ္စနှင့်ပတ်သက်သော ကြေငြာချက်အတုများ ဆက်တိုက်ထွက်ပေါ်နေကြောင်း ဌာနချုပ်က ဆိုပါသည် ။


၎င်းနှင့်ပတ်သက်ပြီး SSPP/SSA အရာရှိ ဗိုလ်မှူးစိုင်းဆုက - ကျနော်တို့ ဒီတလ အတွင်းမှာ ဘာထုတ်ပြန်ကြေငြာချက်မှ မထုတ်ပြန်ရပါဘူး ။ ဒါပေမယ့် မသမာသူတစုက ကျနော်တို့ကို လူထုက အထင်လွဲအောင် ၊ မဟာမိတ်တွေနဲ့အထင်လွဲအောင် ထင်ယောင်ထင်မှားဖြစ်အောင် ရည်ရွယ် ချက်ရှိရှိနဲ့ လုပ်နေတာဖြစ်တယ် ။ ပြီးခဲ့တဲ့  ၁၀ ရက်နေ့ကတကြိမ် ၊ ၁၃ ရက်နေ့ ကတကြိမ် ကြေငြာချက် ၂ စောင် ထုတ်ပြီး လူမှုကွန်ယက်မှာဖြန့်နေတာ ။ အဲတာတွေက ကြေငြာချက် အတုတွေပါ ။ ဘယ်သူ့လက်ချက်လဲဆိုတာ ကျနော်တို့ စီစစ်နေတုန်းဖြစ်ပါတယ် ။ - ဟု သျှမ်းသံတော်ဆင့်အား ပြောပြသည် ။


ဂျန္နဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန်သော ကြေငြာချက်မှာ တအာင်းတပ်မတော်က ဖမ်းဆီးထားသော မိုင်းဝီးဒေသခံရွာသား ၂၃ ဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန် တိုက်တွန်းတောင်းဆိုသည့် ကြေငြာချက် ဖြစ်သည် ။


၁၃ ရက်က ထုတ်ပြန်သည့်ကြေငြာချက်တွင် မူ အချက် ၆ ချက်ပါရှိပြီး -  ဂျန္နဝါရီလ ၁၂ ရက်နေ့တွင်ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအဖွင့်မိန့်ခွန်းများမှ လက်ရှိ အစိုးရနှင့် လာမည့်အစိုးရတို့၏ ဆန္ဒ သဘောထားများကို ရှင်းရှင်းလင်းလင်း သိရှိရပြီဖြစ် ကြောင်း ၊ ထို့ကြောင့်လာမည့် အစိုးရသစ်လက်ထက်တွင်ကျင်းပမည့် ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့  မဟာမိတ်တပ်ဖွဲ့များနှင့်အတူ SSPP/SSA မှ ကိုယ်စားလှယ်စေလွှတ်ကာ တက်ရောက်ရန်ဆန္ဒရှိကြောင်း ပါရှိပါသည် ။


ထိုသို့ SSPP/SSA နာမည်နှင့်တံဆိပ်သုံးကာ တစုံတဦးမှ ကြေငြာချက်အတုများ ထုတ်ပြန်နေသည့်ကိစ္စနှင့်ပတ်သက်ပြီး ဂျန္နဝါရီလ ၁၄ ရက်နေ့ရက်စွဲဖြင့် SSPP/SSA ဗဟိုကော်မတီမှ ရှုတ်ချကြောင်း ကြေငြာချက် တစောင်ကို တုန့်ပြန်ထုတ်ပြန် လိုက်ပါသည် ။


သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်သည် အစိုးရနှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးရန် မဟာမိတ်တပ်ဖွဲ့များနှင့် အတူ အဆင် သင့်မဖြစ်သေးဟုဆို NCA လက်မှတ်ရေးထိုးရန် ငြင်းဆိုခဲ့သည့်နောက်ပိုင်း အစိုးရ တပ်မတော်၏ အင်အားသုံးထိုးစစ်ဆင်တိုက်ခိုက်ခြင်း ခံခဲ့ရသည် ။


ထို့အတွက် လက်ရှိကျင်းပနေသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိုလည်း  မဟာမိတ်တပ်ဖွဲ့များဖြစ်သော ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ၊ မိုင်းလားတပ်ဖွဲ့ နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တပ်ဖွဲ့ဝင်များနည်းတူ တက်ရောက်ခဲ့ခြင်းမရှိခဲ့ပေ ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates