ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့သည့် ပင်လုံမူအပေါ်အခြေခံသည့် ဖက်ဒရယ်မူကို သမီးဖြစ်သူဦးဆောင်သည့် NLD ပါတီက မနှစ်သက်



ဗမာလူမျိုးများကို တပြည်နယ်အဖြစ် သတ်မှတ်ပေးပြီး တိုင်းရင်းသားလူမျိုးအမည်ဖြင့် ပြည်နယ်သတ်မှတ်ပြီးဖြစ်သော လက်ရှိပြည်နယ် ရ ပြည်နယ်နှင့်ပေါင်း၍ ၈ ပြည်နယ် ညီတူညီမျှစွာ ဖွဲ့စည်းမှုဖြင့်သွားမည့် ပင်လုံမူ ၈ ပြည်နယ်စနစ်ကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စု ပုံစံမှာ မဖြစ်နိုင်ကြောင်း နေပြည်တော် ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်လာသည့် အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်မှ ပြောဆိုသည်ဟု ညီလာခံတက်ရောက်နေသည့် ကိုယ်စားလှယ်များထံမှ သိရသည် ။


‘ NLD က ဦးဉာဏ်ဝင်း  က ဒီကနေ့ ကျင်းပတဲ့ အစုအဖွဲ့ဆွေးနွေးတဲ့ ဆွေးနွေးမှုတွေမှာ ၈ ပြည်နယ်မူကို မနှစ်သက်တဲ့ သဘောပြောနေတယ် ‘ ဟု နိုင်ငံရေးကဏ်ဏ္ဍ အစုအဖွဲ့များတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီကိုယ်စားလှာယ် အဖြစ် တက်ရောက်ခဲ့သူ စိုင်းထွန်းအေးက ပြောသည် ။


ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး တိုင်းရင်းသားခေါင်းဆောင်များနှင့် ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်မှာ ခေတ်သစ်မြန်မာနိုင်ငံကို ဖြစ်ပေါ်လာစေခဲ့သည့် စာချုပ်ဖြစ်ပြီး ပင်လုံမူနှင့် ၁၉၆၁ သျှမ်းမူကို အခြေခံသည့် အဆိုပါ ၈ ပြည်နယ် ဖက်ဒရယ်စာတမ်းမှာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ကျင်းပနေဆဲ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသို့ တင်သွင်းခဲ့ခြင်းဖြစ်သည် ။


ယင်းမူအရ အမျိုးသားလွှတ်တော်ကို လူဦးရေတူညီစွာထားရှိပြီး ပြည်သူလွှတ်တော်မှာ မြို့နယ်ကို အခြေခံ၍ လွှတ်တော်နှစ်ရပ်မှာ အာဏာတူရမည့်ယင်း ၈ ပြည်နယ်မူတွင် ပြည်နယ်လွှတ်တော်များကိုလည်း ထားရှိရမည်ဖြစ်ပါသည် ။


ပြည်နယ်အစိုးရများကို အာဏာခွဲဝေရေးပေးရမည့် အပြင် တရားစီရင်ရေး အာဏာကိုလည်းအပြည့်ဝ အပ်နှင်းကာ တန်းတူရည်တူရှိရမည့် ဗမာ တကျပ် တိုင်းရင်းသား တကျပ် ဟူသည့် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ မူကိုအခြေခံခြင်း ဖြစ်သည်ဟု SNLD ပါတီ တာဝန်ရှိသူက ဆိုသည် ။


လက်ရှိလွှတ်တော်နှစ်ရပ်မှာ အာဏာညီတူမျှတူမရှိပဲ အမျိုးသားလွှတ်တော်တွင် ပယ်ချထားသော်လည်း လူအရေအတွက်များသည့် ပြည်သူ့လွှတ်တော်က သဘောတူညီပါက ယင်းအဆိုများ ဥပဒေများမှာ အတည်ပြုနိုင်နေပါသည်။ ထို့အပြင် ဗမာလူမျိုးများ အများစု နေထိုင်သည့် တိုင်းမှာ ရ တိုင်း ရှိနေပြီး ပြည်နယ်နှင့်တိုင်းဒေသကြိးဖွဲ့စည်းမှုတွင်လည်း အဓိက တိုင်းရင်းသားမျိုးနွယ်စု တစ်စုစီအတွက် တပြည်နယ်စီသာ ရှိနေပြီး ဗမာ ရ ကျပ် တိုင်းရင်းသား ၁ ကျပ်ဆိုသည့် သဘောသက်ရောက်နေသည်ဟု တိုင်းရင်းသားအင်အားစုများက ဆိုပါသည် ။


ယင်းအပြင် လက်ရှိပြည်နယ်ဝန်ကြီးချုပ်များမှာလည်း လူထုဆန္ဒအရရွေးချယ်ခြင်းမဟုတ်ပဲ ပြည်နယ်များတွင် သယံဇာတခွဲဝေမှု ၊ အခွန်ကောက်ခံခွင့် ၊ ဥပဒေပြုခွင့်မှာလည်း မေးခွန်းထုတ်စရာ အခြေနေဖြစ်နေပါသည် ။


‘ သူတို့အန်အယ်လ်ဒီက အရင်ကတည်းကလည်း ၈ ပြည်နယ်မူကို မကြိုက်ဘူး အခုက နိုင်ငံရေးအခြေနေအရရော စဉ်းစားပြီး ဆုံးဖြတ်ပုံပေါ်တယ်။ နောက်ပိုင်း အာဏာရသွားပြီးရင်လည်း တမျိုးပြောင်းစဉ်းစားသင့် ပြောင်းစဉ်းစားမယ်ထင်တယ် လုံးဝ ဖက်ဒရယ်လက်မခံတဲ့ သဘောတော့ မဟုတ်လောက်ဘူး ‘ နိုင်ငံရေး လေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်သည် ။


နှစ် ၆၀ ကြာဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်မှာ ပင်လုံစာချုပ်ကတိကဝတ်ချိုးဖောက်မှုများနှင့် တိုက်ရိုက်သက်ဆိုင်နေသည်ဟု လေ့လာသူများက ဆိုပါသည် ။


ဗိုလ်ချုပ်အောင်ဆန်း၏ ဗမာ တကျပ်ရရင် သျှမ်းတကျပ် ရရမယ်ဆိုသည့် ပြောဆိုချက်ကြောင့် သျှမ်း ၊ ကချင် ၊ ချင်းစသည့် တောင်တန်းဒေသနေ တိုင်းရင်းသားများမှာ ဗမာ ပြည် မြေပြန့်ဒေသ နှင့် တွဲ၍ ဗြိတိသျှတို့ထံမှာ လွတ်လပ်ရေးရယူခဲ့ခြင်းဖြစ်သည်ဟု သိရှိရပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates