UP လူမှုညီညွတ်ရေးအသင်းနှင့် SNDP ကျားဖြူပါတီတို့ပူးပေါင်းပြီး သျှမ်းအမျိုးသားနေ့ အခမ်းအနား ကျင်းပမည်
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့၌ UP လူမှုညီညွတ်ရေးအသင်းနှင့် SNDP ကျားဖြူပါတီတို့ပူးပေါင်း ပြီး ၆၉ နှစ်မြောက်သျှမ်းအမျိုးသားနေ့ အခမ်းအနားကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည် ။
ယမန်နှစ်က နမ့်ခမ်းမြို့၌ ကျင်းပသော သျှမ်းပြည်နယ်နေ့အခမ်းအနား |
“ သျှမ်းအမျိုးသားနေ့အခမ်းအနားကို ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက် ၉ နာရီ မှ ညနေ ၃ နာရီအထိ ကျင်းပသွားဖို့ စီစဉ်ထားပါတယ် ။ အခမ်းအနားဖြစ်မြောက်ရေးရံပုံငွေကို ဒီနေ့ကစပြီး မည်သူမဆို ကျားဖြူပါတီရုံးမှာ လာရောက်ထည့်ဝင်ကူညီနိုင်ပါတယ် ” ဟု ၎င်းကပြောသည် ။
သျှမ်းအမျိုးသားနေ့အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်မှာ (က) သျှမ်းအမျိုးသားနေ့အခမ်းအနားကို နှစ်တိုင်း ကျင်းပသွားနိုင်အောင်ရည်ရွယ်ပြီး ၎င်းနေ့ကို အစိုးရမှ တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးအောင် ကြိုးစားသွားရန် (ခ)သျှမ်းအမျိုးသားနေ့နှင့် သျှမ်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံ မျိုးဆက်သစ်လူငယ်များ သိရှိနားလည်နိုင်စေရန် (ဂ) သျှမ်းအမျိုးသားနေ့ ကျင်းပခြင်းအပေါ်ရရှိလာသည့် ဆိုးကျိုးကောင်းကျိုးများကို မျိုးဆက်သစ်လူငယ်များ ဝေဖန်ပိုင်းခြားတတ်စေရန် - စသည်တို့ ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ဒု - ဥက္ကဌ စိုင်းထွန်းလှိုင် က ဆိုသည် ။
လွန်ခဲ့သည့် (၆၇/၆၈) နှစ်မြောက် သျှမ်းအမျိုးသားနေ့အခမ်းအနားကို ၎င်းမြို့ရှိ ကျားခေါင်းပါတီ (SNLD) နှင့် ကျားဖြူပါတီ (SNDP) တို့က ပူးပေါင်းကျင်းပခဲ့ကြသည် ။
ယခု UP လူမှုညီညွတ်ရေးအသင်းသည် ယခင်နမ့်ခမ်းမြို့နယ် ကျားခေါင်းပါတီ (SNLD) အလုပ်အမှု ဆောင်အဖွဲ့ ဟောင်းများအားလုံးနီးပါးက ပါတီမှ နှုတ်ထွက်ပြီး ၂၀၁၅ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့ စုပေါင်းဖွဲ့စည်းတည်ထောင်ထားသည့် အဖွဲ့ဖြစ်ကြောင်း ဒေသခံများထံမှသိရသည် ။
Tags: News, Social