ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် တိုင်းရင်းသားမျိုးနွယ်စုများ ပြည်နယ် အပြိုင်တောင်း
နပြည်တော်တွင် ကျင်းပနေသော ပြည်ထောင်စု ညီလာခံတွင် ပြည်နယ်သီးသန့်သတ်မှတ်ထားခြင်း မရှိသေးသည့် တိုင်းရင်းသားမျိုးနွယ်စုများက မိမိတို့အတွက် ပြည်နယ်သတ်မှတ်ပေးရန် အပြိုင်တောင်းဆို ခဲ့ကြကြောင်း သိရသည် ။
ဝ ပြည်နယ်အတွက် ၀ ဒီမိုကရက်တစ်ပါတီ ၊ ပအိုဝ်းပြည်နယ်အတွက် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ၊ တအာင်း (ပလောင်) ပြည်နယ်အတွက် တအာင်းပလောင်အမျိုးသားပါတီ ၊ သျှမ်းနီပြည်နယ်အတွက် တိုင်းလိုင် သျှမ်းနီပါတီများက တင်ပြတောင်းဆိုနေခြင်း ဖြစ်သည် ။
ဝ တိုင်းရင်းသားများအနေဖြင့် ၂၀၀၈ အခြေခံ ဥပဒေအရ သတ်မှတ်ပေးထားသည့် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသ ၆ မြို့နယ်အပြင် ၀ လူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်း ၊ အရှေ့ပိုင်းရှိ နယ်မြေဒေသများအားလုံးကို ပြည်နယ်သတ်မှတ်ပေးရန် တင်ပြထားခြင်း ဖြစ်ကြောင်း ၀ ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်ဖြစ်သူ ဦးဆိုင်ပေါင်းနပ်က ပြောသည် ။
‘ အခြေခံ ဥပဒေအရ သတ်မှတ်ထားတဲ့ ဒေသအပြင် လားရှိုး ၊ တန့်ယန်း ၊ ကျိုင်းတုံ တို့မှာလည်း ၀တွေလည်း ရှိနေတဲ့ အတွက်ပါတာပေါ့လေ။ ဥပမာအားဖြင့်ပေါ့ ‘ ဟု ဦးဆိုင်ပေါင်းနပ်က ပြောသည် ။
သျှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံ မြို့နယ်အတွင်းနှင့် မိုင်းဆတ် ခရိုင်အတွင်း ထိုင်း - မြန်မာနယ်စပ်တလျှောက်တို့တွင် လည်း မြောက်ပိုင်း ၀ ပြည်နယ်နှင့်တွဲပြီး တောင်ပိုင်း ၀ ပြည်နယ် အဖြစ်သတ်မှတ်ပေးရန် ၄င်းတို့က ဆန္ဒ ရှိကြသည် ။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကမူ- ပြည်နယ်ရသင့်သည့် တိုင်းရင်းသားတိုင်းအတွက် ပြည်နယ်သတ်မှတ်ပေးသင့်သည်ဟု အဖွဲ့၏ နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည် ။
‘ ကျနော်တို့ကတော့ ပအိုဝ်းရယ်လို့ သီးသန့်တော့ မဟုတ်ပါဘူး ။ ပြည်နယ်အခွင့်ရေး ရသင့်ရထိုက်တဲ့ တိုင်းရင်းသား မှန် သမျှ ပြည်နယ်တွေ သတ်မှတ်ပေးဖို့ တင်ပြတာပါ ။ ဥပမာ ၀ တို့ တအာင်း (ပလောင်) တို့လည်း ပါတာပေါ့လေ ‘ ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်မှ နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည် ။
၂၀၀၈ အခြေခံ ဥပဒေအရ ပအိုဝ်းတိုင်းရင်းသားများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ဆီဆိုင် ၊ ဟိုပုံး ၊ ပင်လောင်း ၃ မြို့နယ်ကို သတ်မှတ်ပေးထားခဲ့ပြီး ဖြစ်သည် ။
ယင်းအပြင် သျှမ်းပြည်မြောက်ပိုင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရရှိပြီးဖြစ်သည့် တအာင်းပလောင် များကလည်း ရရှိထားသည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်အပြင် နီးစပ်ရာ မြို့များအား ထပ်မံစုစည်းပြီး ပလောင်ပြည်နယ်အဖြစ် သီးသန့် သတ်မှတ်ပေးရန် တအာင်းအမျိုးသားပါတီမှ တောင်းဆိုထားသည် ။
စစ်ကိုင်းတိုင်းမြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် နေထိုင်သော သျှမ်းနီလူမျိုးများမှလည်း ၄င်းတို့နေထိုင်ရာ စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ကချင်ပြည်နယ် မြေပြန့်ဒေသများအား စုစည်းကာ သျှမ်းနီပြည်နယ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆို ထားပါသည် ။
‘ အဓိကကတော့ တိုင်းပြည်မှာဖြစ်နေတဲ့ ပြည်တွင်းစစ်ပြသနာက ပင်လုံစာချုပ်ရဲ့ အနှစ်သာရကို အကောင်ထည် မဖော်နိုင်လို့ ဖြစ်နေတာ ။ ပင်လုံမှာ လက်မှတ်ရေးထိုးခဲ့တဲ့ အစဉ်အလာအရ နိုင်ငံမှာ နေထိုင်လာတဲ့ နိုင်ငံတည်ထောင်သူ တိုင်းရင်းသားတွေ ပြည်နယ်သတ်မှတ်ပေးပြီးသား တိုင်းရင်းသားတွေတောင် ဘာအခွင့်ရေးမှ မရသေးချိန်မှာ ပင်လုံရဲ့ အနှစ်သာရကို ပထမဆုံးအကောင်ထည်ဖော်ရမှာပါ ။ ခုလို ဘာမှမရသေးခင် ရှိရင်းစွဲပြည်နယ်တွေကို ထပ်ပြီးခွဲပေးလိုက် မယ်ဆိုရင် တိုင်းပြည်က ဖရိုဖရဲဖြစ်ကုန်ပါလိမ့်မယ် ‘ ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောခွင့်ရ စိုင်း လိတ် က သုံးသပ်သည် ။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလှကမူ ‘ လောလောဆယ် အနေ အထားအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတွေကို လုပ်ပိုင်ခွင့်တိုးပေးတာလောက်ပဲ လုပ်သင့်တယ် ။ မရှိသေးသူတွေ ကိုလည်း ဒေသန္တရ အုပ်ချုပ်ရေးအဆင့်တိုးပေးတာလောက်ပဲ လုပ်သင့်တယ် ‘ ဟု မှတ်ချက်ပြုပြောဆိုသည် ။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဂျန္နဝါရီလ ၁၂ ရက်မှ ၁၆ ရက်နေ့အထိ နေပြည်တော် MICC 2 တွင် ကျင်းပလျှက်ရှိနေပါသည် ။
Tags: News, politic