ရိုးရာမမေ့အောင်ရည်ရွယ်ကာ ဂျပန်ရောက် သျှမ်းမိသားစု သျှမ်းအမျိုးသားနေ့ ကျင်းပ



မွးရပ်မြေနှင့် ဝေးကွာနေသည့် သျှမ်းလူငယ်များ ရိုးရာသမိုင်း မမေ့အောင် ရည်ရွယ်ကာ ၆၉ ကြိမ်မြောက်သျှမ်းပြည်အမျိုးသားနေ့ကို ဂျပန်နိုင်ငံရောက် သျှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်းက  ဦးဆောင် ကျင်းပမည်ဖြစ်ကြောင်း သိရသည် ။


ဂျပန်နိုင်ငံ တိုကျိုမြို့တွင် သျှမ်းအမျိုးသားနေ့ ဂုဏ်ပြုညစာစားပွဲ ကို ဖေဖော်ဝါရီ လ ၁၄ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး သျှမ်းအဆိုတော် စိုင်းအောင်ထီးခမ်းနှင့် အတူ ဂျပန်အဆိုတော်က မိမိရိုးရာတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေပေး မည်ဖြစ်ကြောင်းသိရသည် ။ သျှမ်းစာပေယဉ်ကျေးမှုအသင်းမှ လူငယ်မောင်မယ် များကလည်း သျှမ်းရိုးရာအက ၊ ကန္နရီ ကိန္နရာအကတို့ဖြင့် ကပြဖျော်ဖြေ မည်ဖြစ်ကြောင်း လည်းသိရသည် ။


ဂျပန်သျှမ်းစာပေ နှင့် ယဉ်ကျေးမှုအသင်းမှ ဦးဆောင်ဦးရွက်ပြုကျင်းပသည့် သျှမ်းအမျိုးသား နေ့ပွဲ တော်တွင် ပွဲဝင်ကြေး တဦးလျင် ယန်း ၂၀၀၀ ကောက် ခံကြောင်း ၊ ပွဲအတွင်း  သျှမ်းရိုးရာ အစား အသောက်များကို ဘူဖေးစနစ်ဖြင့် ဧည့်ခံမည်ဖြစ်ကြောင်း ၊ အဆိုပါ  သျှမ်းရိုးရာစားသောက်ဖွယ်ရာ များအား တိုကျိုမြို့ရှင်းကျုကုရပ်ကွက်က ဂိုးလ်ဒင်းပုဂံ မြန်မာရှမ်းစားသောက်ဆိုင် နှင့် နောင်အင်းလေး စားသောက်ဆိုင်တို့မှ လှူဒါန်းကြောင်း ပွဲဖြစ်မြောက်ရေး ကပြောပါသည် ။


“ ဒီနှစ် ပွဲတော်မှာ ဂျပန်  ပညာရှင်အမျိုးသမီး စေတနာနဲ့ ကူညီပါတယ် ။ နောက် စိုင်းအောင်ထီးခမ်း က အထူးမေတ္တာဖြင့် လာရောက်ကူညီပါတယ် ။ အက နဲ့ ဖက်ရှင်အဖွဲ့ က ဂျပန်တက္ကသိုလ်မှ ဂျပန်လူမျိုးနဲ့သျှမ်းလူမျိုးတွေ ၊ ရိုးရာအကကို ဂျပန်ရောက် သျှမ်း ကျောင်းသားကျောင်းသူ လေးတွေက လာပြီးဖျော်ဖြေပေးပါမယ် ။ မွေးရပ်မြေနဲ့ဝေးနေသူတွေ မိမိရိုးရာယဉ်ကျေးမှု မမေ့ မပျောက်အောင်ရည်ရွယ်ပါတယ် ။ ”-  သျှမ်းစာပေယဉ်ကျေးမှုအသင်းမှ နန်းခမ်းမိုထွန်းက ပြောပြသည် ။


နာမည်ကြီးအဆိုတော် စိုင်းအောင်ထီးခမ်းအပြင် သျှမ်းပွဲတော်တွင်လာရောက် ကူညီကြမည့် ဂျပန်အမျိုးသမီး ၄ ဦးမှာ (အဆို ) Ms.Junko Suwa  ၊ (အက) Ms.Rin Emi ၊ Ms.Misako Motooka နှင့် ဂျပန်ဘာသာအစီအစဉ်မှူးအဖြစ်  Ms.Kaori Yamamoto တို့ကကူညီပေး မည်ဖြစ်ကြောင်းသိရသည် ။


“ ရုံးပိတ်ရက် ကျောင်းပိတ်ရက်နဲ့ နားရက်တွေကိုဆွေးနွေးကြည့်တော့ ၁၄ ရက်နေ့မှာ တူနေကြ တဲ့အတွက် ပွဲတော်ကို ၁၄ ရက်မှာကျင်းပဖို့ စီစဉ်ရ တာဖြစ်ပါတယ် ။ ဂျပန်နိုင်ငံသားတွေတောင်မှ ကျမတို့ဒီ သျှမ်းအမျိုးသားနေ့ ပွဲတော်ကို ကူညီအားပေးဖို့ အစဉ် မေးမြန်းပါတယ် ။ တနှစ်တခါမှ လုပ်တဲ့ ကိုယ့် သျှမ်းအမျိုးသားနေ့ကို မအားတဲ့ကြားထဲက သျှမ်းလူမျိုး ၊ သျှမ်းအစား အစာ အဆိုအက တွေ ကိုမြတ်နိုးသူတွေ ပါဝင်ကြပါလို့ တိုက်တွန်းချင်ပါတယ် ”- ဟု ပွဲဖြစ်မြောက်ရေး ကော်မတီဝင်တဦး ကပြောသည် ။


ဂျပန်နိုင်ငံ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းသည် သျှမ်းရိုးရာယဉ်ကျေးမှု ပွဲတော်များ ၊ မြန်မာ့ရိုးရာပွဲတော် များကို နှစ်စဉ် မပျက်မကွက် ဆင်နွဲကျင်း ပခဲ့ကြပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates